Home သတင်း ထိုင်းနှင့် ကေအဲန်ယူ ပူးပေါင်းပြီး မူတြော်ခရိုင်တွင် တရားမဝင်သစ်(၁၀၀)ကျော် ဖမ်းမိ

ထိုင်းနှင့် ကေအဲန်ယူ ပူးပေါင်းပြီး မူတြော်ခရိုင်တွင် တရားမဝင်သစ်(၁၀၀)ကျော် ဖမ်းမိ

8
Photo: KNU

ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်/ဖာပွန်ခရိုင်အတွင်း ထိုင်းနိုင်ငံ သစ်တောဦးစီးဌာနှင့် ကေအဲန်ယူတာဝန်ရှိသူများပူးပေါင်းပြီး ယခု ဩဂုတ်လနောက်ဆုံးအပတ်အတွင်း တရားမဝင်သစ်(၁၀၄)တုံးကို ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ ဩဂုတ်(၂၈)ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်သည်။

မယ်ရာထာစစ်ဆေးရေးစခန်းတွင် ဖွင့်လှစ်ထားသည့် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးမှ ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်နေ့က သစ်အလုံး(၄၅)တုံးကို မူတြော်ခရိုင်တစ်နေရာ၌ ပထမအကြိမ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ်လ(၂၆)ရက်နေ့တွင် ကေအဲန်ယူနှင့်ထိုင်းအာဏာပိုင်တို့ပူးပေါင်းအဖွဲ့မှ သံလွင်မြစ်တစ်ဖက်၊ ထိုင်းနိုင်ငံဘက်ခြမ်း၌ နောက်ထပ် တရားမဝင်သစ်(၅၉)တုံးကို ထပ်မံသိမ်းဆည်းနိုင်ခဲ့ကြောင်း ကေအဲန်ယူက ဖော်ပြသည်။

လတ်တလောတွင် ကေအဲန်ယူနယ်မြေ၌ ဖမ်းဆီးမိသည့်တရားမဝင်သစ်များကို မူတြော်ခရိုင်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးထားသလို ထိုင်းဘက်တွင်မိသည့်သစ်များကိုလည်း ထိုင်းအာဏာပိုင်များကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Photo: KNU

ကေအဲန်ယူသည် ထိုင်း-ကရင်နယ်စပ်တစ်လျှောက် ဥပဒေစိုးမိုးရေးတိုးချဲ့လုပ်ဆောင်ရန် နယ်စပ်ကုန်သွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး တရားမဝင်သစ်ခိုးထုတ်မှု အပါအဝင် အခွင့်မရှိဘဲကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို တားဆီးနှိမ်နင်းနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် တရားမဝင်သစ်ဖမ်းဆီးရမိမှုဖြစ်စဥ်များကြောင့် ကေအဲန်ယူနှင့်ထိုင်းအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသလို သဘာဝသဃံဇာတဆိုင်ရာပြစ်မှုများကို နှိမ်နင်းရာတွင် နယ်စပ်အုပ်ချုပ်မှု ကျယ်ပြန့်လာကြောင်းလည်း ကေအဲန်ယူက သုံးသပ်သည်။

အလားတူ သစ်တောများကိုကာကွယ်ရန်နှင့် ဥပဒေစိုးမိုးမှုကိုမြှင့်တင်ရန် သက်ဆိုင်ရာ နယ်စပ်အဖွဲ့များကို အားကောင်းအောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုင်းအဖွဲ့အစည်းများနှင့်လည်း တိုးချဲ့ပူးပေါင်းသွားမည်ဟု ဆိုသည်။

တရားမဝင်သစ်ခိုးထုတ်မှုကျူးလွန်သည့်ဖြစ်စဥ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကေအဲန်ယူ၏ မူတြော်ရှိ နယ်စပ်လုံခြုံရေးနှင့်ကုန်သွယ်ရေးရုံးအဖွဲ့ တာဝန်ရှိသူများသို့ ကေအိုင်စီအနေဖြင့် အဆက်အသွယ်ရရှိဖို့ ကြိုးပမ်းနေဆဲဖြစ်သည်။

Photo: KNU