ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၅)ကျေးရွာ၊ စာသင်ကျောင်းအနီး ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့တွင် စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၁)ဦးသေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်နေ သတင်းအရင်းအမြစ်များမှ ကနဦးသိရသည်။
ယနေ့ နံနက် (၁၀)နာရီဝန်းကျင်နှင့်(၁၂)နာရီဝန်းကျင်တွင် စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်၍ စာသင်ကျောင်းဝင်း ဘောလုံးကွင်းနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ စုဝေးနေသည့်ကလေးငယ်များ ထိခိုက်သေဆုံးမှုဖြစ်ပွားရသည်ဟု ထိုအနီးတဝိုက်နေထိုင်သူ ဒေသခံအမျိုးသမီးက ပြောသည်။
“အသံအကျယ်ကြီးကြားလိုက်ရတယ်။ ပထမတစ်လုံးက (၁၁) နာရီ ဝန်းကျင်လောက်မှာကျတာ အဲ့ဒီအလုံးဖြစ်မယ် ကျောင်းဘောလုံးကွင်းနားကို ကျတာ။ ဆုံးသွားတဲ့ကလေးက အသက်(၅)နှစ် မဟုတ်ရင် (၆)နှစ်လောက်ပဲရှိဦးမယ်။ ဘောလုံးကန်ခါနီးဖြစ်တာ (၁၁)ယောက်လောက် ဒဏ်ရာရတယ်။ ကလေးတွေချည်းပဲ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ်ရှိကျေးရွာများသို့ ပုံမှန်လိုလို လက်နက်ကြီးပစ်ခတ်လေ့ရှိသည့် စစ်အုပ်စု၏သိမ်ဇရပ်မြို့အခြေစိုက် တပ်ရင်း၊ တပ်စခန်းမှ ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင်အောင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆနေကြသည်။

ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်မူ ကလေးငယ်များ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကေအဲန်ယူ၊ သထုံခရိုင်တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းလျက်ရှိသည်။
စစ်အုပ်စုသည် ကေအဲန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများအား ဒေသခံသာရှိသည့်ကျေးရွာများသို့ မကြာခဏပစ်ခတ်ခြိမ်းခြောက်လေ့ရှိသလို ကျေးရွာများတွင်လည်း ကျည်စထိမှန် သေဆုံးမှုဖြစ်စဥ်များ အမြဲတစေဖြစ်ပွားနေကြောင်း ဒေသခံများနှင့်ဒေသအုပ်ချုပ်သည့်အာဏာပိုင်များက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ(၁၈)နှင့်(၁၉)ရက်နေ့တို့တွင်လည်း ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာခံ(၄)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။



















