Home သတင်း ကေအဲန်ယူ ခရိုင်နှစ်ခုတွင် စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အမျိုးသမီး(၁)ဦး သေဆုံး

ကေအဲန်ယူ ခရိုင်နှစ်ခုတွင် စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အမျိုးသမီး(၁)ဦး သေဆုံး

23
Photo: KNU

သြဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်နှင့် သထုံခရိုင် ကျိုက်ထိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ယခု သြဂုတ်လဆန်းကတည်းက လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၄) ရက်နေ့ ညနေပိုင်းတွင် မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖိုကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာသို့ စစ်အုပ်စုက ဂျက်ဖိုက်တာယာဥ်ဖြင့် ပေါင် (၂၅၀) ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ ယမန်နေ့က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေ အသက် ၆၀ အရွယ် အမျိုးသမီး(၁)ဦး သေဆုံးသည့်အပြင် နောက်ထပ်ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ ထို့အပြင် အရပ်သား နေအိမ် (၃) လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ဖော်ပြသည်။

အလားတူ ဒူးသထူ(သထုံ)ခရိုင်တွင်လည်း ဩဂုတ်လ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ-၃)မှ ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သည်။

Photo: KNU

ယင်းကြောင့် ကျိုက်ထိုနှင့်ဘီးလင်းအစပ်ရှိ အလူးကျေးရွာအုပ်စု၊ လယ်တောကြီးနှင့် မိုးဝါးသီးကျေးရွာအနီး အရပ်သား ပြည်သူများ၏ လုပ်ငန်းခွင်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်ဘက်က ဆိုသည်။ ထို့နောက် ည ၁၁ နာရီကျော်၌ ဂျက်ဖိုက်တာဖြင့် ဆောသုခီး (ကျောက်ဖျာ) ကျေးရွာအနီးသို့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချပစ်ခဲ့ကြောင်းလည်း တဆက်တည်း ‌ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စု၏ အမှတ် (၃၁၀) အမြှောက်တပ်နှင့် ခြေမြန်တပ်မဌာနချုပ် (ခမရ-၄၄) မှ ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလိုခီး (ဇီးပြောင်း) ကျေးရွာ၊ကညင်တောင်နှင့် မိုးဘောရွာဟောင်းကြားရှိ အရပ်သားများ၏ လုပ်ငန်းခွင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ရှိသည်။

ကေအဲန်ယူ၏ထုတ်ပြန်ချက်များနှင့် ဒေသခံများပြောပြချက်အရ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စုက ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေသည်။