Home ဆောင်းပါး ကရင့်‌ဂေဟ တည်ဆောက်ကြ

ကရင့်‌ဂေဟ တည်ဆောက်ကြ

24

ကရင့်‌ဂေဟ တည်ဆောက်ကြ

မန်းကိုကို

(၃၀ ဩဂုတ်၊ ၂၀၂၆)

သဘာ၀အတိုင်း ရှင်သန်ပေါက်ပွားနေထိုင်ဖို့ သင့်တော်တဲ့ ချောင်း‌မြောင်းရေအိုင်တွေထဲက ငါး၊ ပုဇွန်တွေကိုဖမ်းပြီး ဓါတုဆေးတွေ သုံးထားတဲ့ ကန်လေးတွေထဲမှာ ထည့်လှောင်ပြီး အလှမွေးကြတယ်။ လိုအပ်မယ်ထင်တဲ့ ကျောက်တုံး လေးတွေ၊ ရေမှော်လေးတွေ ထည့်တယ်။ ငါးတွေကြိုက်မယ်ထင်တဲ့ အစာတုတွေကို ထည့်ကျွေးတယ်။ ဘယ်လိုပဲလုပ် လုပ် ငါးအတော်များများကတော့ ဓမ္မတာမဟုတ်ဘဲ လူသားဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ နှစ်ခါပြန်မရတဲ့အသက်တွေ နဲ့ ပေးဆပ်ကြရတာပေါ့။

လူသားတွေရဲ့ မိုက်မဲမှုနဲ့ ရက်စက်မှုဟာ အတိုင်းအဆ မရှိတာကို ကိုယ်တိုင်မသိ၊ ဝန်မခံကြသလို အများစုက သူတို့ရဲ့ ‘မိုက်မဲရက်စက်တဲ့ တစ်ဖက်သတ်စေတနာ’တွေအတွက် ကျေးဇူးတောင် အတင်ခံချင်နေကြသေးတယ်။

ထို့အတူပဲ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးလာြပီး လှောင်အိမ်ကျဥ်းကျဥ်းလေးတွေထဲ ထည့်လှောင်ထားလိုက်ကြ တယ်။ ဒါကို တိရိစ္ဆာန်ရုံလို့ နာမည်တပ်ပြီး အထူးအဆန်းလုပ်၊ အကုန်ကျခံ လာကြည့်ကြတယ်။ သဘာဝပတ်ဝန်းကျင် နဲ့ ကင်းကွာသွားတဲ့ တိရိစ္ဆာန်လေးတွေဟာ တဖြည်းဖြည်း ပိန်လှီချို့တဲ့လာပြီး တစ်ကောင်ပြီးတစ်ကောင် သေသွားကြ တယ်။

ဒါကို ရုံသွင်းထိန်းချုပ်ထားသူတွေက ဘာမှမဖြစ်သလိုနဲ့ အနိဌာရုံတွေကို လူမြင်ကွင်းနောက်ကွယ်မှာ ဖျောက်ဖျက်ပစ် လိုက်ကြလေ့ရှိတယ်။ စိတ်ဖျော်ဖြေမှုကိုပဲ ရှေ့တန်းတင်ကြတဲ့ ပရိဿတ်တွေကတော့ ဝင်လာမစဲ တသဲသဲနဲ့ အမြဲတမ်း စီးဆင်းနေဆဲပါပဲ။ ဒီလို လူအုပ်ကြီးဆီက ‘စာနာမှုနဲ့ ကျိုးကြောင်းကျတဲ့ အသိအမြင်’တွေကို မျှော်လင့်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။

ဒီဖြစ်စဥ်တွေမှာ သတ္တဝါကိုယ်စီ ရှင်သန်ကျင်လည်နေကြတဲ့ “ဟန်ချက်ညီတဲ့ မူလသဘာဝဂေဟစနစ်” (Balanced Natural Ecosystem) ထဲကနေ ဆွဲထုတ်ပြီး အင်မတန် ကွာြခားလွန်းတဲ့ ‌ဂေဟစနစ်တခုထဲကို သွပ်သွင်းခံလိုက်ရတဲ့ အကျိုးဆက်တွေကို တပ်အပ်မျက်မြင် ကြုံတွေ့ခွင့်ရကြတာပဲဖြစ်တယ်။ ပြုသူက သူ့အာသာဆန္ဒနဲ့ အကျိုးအတွက်မို့ မထောင်းသာပေမယ့် ခံရသူဖက်ကတော့ အစားထိုးပြန်မရနိုင်တဲ့ ဘဝတွေနဲ့ ပေးဆပ်ကြရတာပါ။

ကရင်လူမျိုးတွေဟာလည်း မနက်မိုးလင်းကနေ မိုးချုပ်အထိ ကရင်တ‌စ်ယောက်လို ရှင်သန်နိုင်မယ့် ဘာသာစကား၊ ယဥ်ကျေးမှု၊ လူမှုဘဝနေထိုင်ပုံတွေကနေ ကန့်သတ်ဖယ်ထုတ်ထားတာကို ရွေးချယ်ခွင့်မရှိဘဲ ခံနေကြရတယ်။ လူသား တ‌စ်ယောက်အတွက် ‌ဂေဟစနစ်ဖြစ်တဲ့ ကျောင်း၊ ရုံး၊ စျေး အပါအဝင် နေ့စဥ်ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်တခုလုံးကို လူမျိုးခြား ယဥ်ကျေးမှုတွေနဲ့ နှစ်ရှည်လများ ထွက်ပေါက်မရှိဘဲ အစားထိုး ဖြတ်သန်းနေကြရတယ်။

ဒါတွေကို စနစ်-ယန္တရားတွေနဲ့ ဖန်တီးထိန်းချုပ်ထားရုံမကဘဲ ဒီအနေအထားတွေကနေ ဆန့်ကျင်ထိုးဖောက်ထွက်ဖို့ ကြိုးစားရင် ပြစ်ဒဏ်ပေး ဘဝဖျက်ခံရဖို့ လူမျိုးခြားတွေက အာဏာနဲ့ သူတို့အကျိုးအတွက် ကြပ်မတ်တည်ဆောက် ထားတာဖြစ်တယ်။ ကရင်လူမျိုး သေဆုံးပျောက်ကွယ်သွားစေမယ့် အတင်းအကြပ် ဖိနှိပ်ချုပ်ချယ် ဝါးမျိုနေတာတွေ ကို မသိချင်ဟန်ဆောင်ပြီး အသက်ရှင်ခွင့်ပေးထားတာကိုပဲ ကျေးဇူးအတင်ခံချင်နေတဲ့ မိုက်မဲရက်စက်မှုတွေနဲ့ ပြည့် နေတဲ့ လူမှုအသိုင်းဝိုင်းကြီးတစ်ခုလို့ပြောရင် မမှားဘူး။

သို့သော်ငြားလည်း လက်သည်တွေကို အပြစ်တင်ပြောဆိုနေရုံနဲ့ အရာရာကောင်းမွန်ပြေလည်လာလိမ့်မှာတော့ မဟုတ်ပါဘူး။ စဥ်းစားဆင်ခြင်မှုနဲ့ယှဥ်တဲ့ လက်တွေ့ကျတဲ့ အကြံဥာဏ်တွေသုံးပြီး ဖန်တီးအကောင်အထည်ဖော်မှသာ မတရားသဖြင့် စွန့်လွှတ်ဆုံးရှုံးထားရတာတွေကို ပြန်လည်တည်ဆောက်ရယူနိုင်ကြမှာပါ။ တစ်နည်းအားဖြင့် ကရင် တွေ ရှင်သန် ရပ်တည် တိုးတက်နိုင်မယ့် “‌ကရင့်ဂေဟစနစ်”ကို ကရင်တွေကိုယ်တိုင် တစ်စစီ ပြန်တည်ဆောက်ကြရ မှာဖြစ်တယ်။

ကျောင်း၊ ရုံး၊ စျေးတို့လို နေ့စဥ်ဖြတ်သန်းရတာတွေနဲ့ ဝန်ဆောင်မှုအရပ်ရပ်ကို ကရင့်ယဥ်ကျေးမှု အစိတ်အပိုင်းတွေ ဖြစ်တဲ့ ‘ဘာသာစကား၊ အသုံးအဆောင်၊ အဆင်အယင်၊ အထိမ်းအမှတ်နဲ့ စနစ်၊ ယန္တရား အစိတ်ပိုင်းတွေကို တစ်ခုချင်း ပြန်အစားထိုး အသက်သွင်ဖို့ ကြိုးစားနိုင်မှသာ ကင်ဆာလို အမြစ်တွယ်နေတဲ့ လွှမ်းမိုးမှုတွေကို လျော့နည်း နောက် ဆုတ်စေနိုင်ပါလိမ့်မယ်။ အမျိုးသားကျောင်းတွေ၊ အမျိုးသားပွဲတော်တွေ၊ အမျိုးသားတွေ့ ဆုံမှုတွေ၊ အမျိုးသားအ ထိမ်းအမှတ် ထုတ်ဖော်ရှေ့တန်းတင်တဲ့ ကြိုးပမ်းမှုတွေ၊ စုံလင်တဲ့ အဖွဲ့အစည်းတွေနဲ့ ကရင့်အမျိုးသားရေးကို တစ်ကျော့ပြန် ရှင်သန်ကြီးထွားစေမယ့် လုပ်ရပ်၊ ယန္တရားနဲ့ စနစ်တွေကို ကြံစည်ဖန်တီး အကောင်အထည်ဖော်ဖို့ လည်း မဖြစ်မနေ လိုအပ်နေတယ်။ စွန့်လွှတ်မှုတချို့လည်း ရှိရလိမ့်မယ်။

ဒီလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းကြတဲ့အခါ အရာရာဟာ သာယာဖြောင့်ဖြူးဖို့တော့ မျှော်လင့်လို့ မရတာ သေချာပါတယ်။ အသာစီးယူ၊ လက်ဝါးကြီးအုပ်၊ အခွင့်ထူးခံနေကြတဲ့ လူ့အသိုင်းအဝိုင်းအစိတ်အပိုင်းတွေရဲ့ တားဆီး နှောင့်ယှက်ဖျက်ဆီးမှုနဲ့ အကြောက်အကန် တိုက်ခိုက်မှုတွေကို ခါးခါးသီးသီး ဖြတ်သန်းကြရမှာကတော့ မြေကြီးလက် ခတ်မလွှဲပါပဲ။ ဒါတွေကို ကရင်တွေရဲ့ ကရင်တ‌စ်ယောက်လို ရှင်သန်ချင်တဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ အချင်းချင်း ယိုင်းပင်းမှု တွေကသာလျှင် အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ဖို့ ခွန်အားဖြည့်ပေးနိုင်လိမ့်မယ်လို့ သတင်းစကားပါးရင်း ကရင်လူ မျိုးအပေါင်းကို နှုတ်ခွန်းဆက် အားပေးလိုက်ပါတယ်။

# ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်ဆောင်းပါးသာဖြစ်သည်။