Home သတင်း သထုံခရိုင်တွင် ဇွန်လအတွင်း လေကြောင်းနှင့်လက်နက်ကြီးကြောင့် အရပ်သား (၅) ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရ

သထုံခရိုင်တွင် ဇွန်လအတွင်း လေကြောင်းနှင့်လက်နက်ကြီးကြောင့် အရပ်သား (၅) ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရ

20
Photo: KNU

ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှု (၁၂) ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သား(၅)ဦးသေဆုံးပြီး (၁၁)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင် မှတ်တမ်းအရ သိရသည်။

ဒေသခံပြည်သူများနေထိုင်ရာ ရွာဧရိယာနှင့်တောင်ယာ၊ ဥယျာဥ်ခြံမြေများကို စစ်အုပ်စုက ပစ်မှတ်ထား လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု (၇) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်နေ့က ဘီးလင်းမြို့နယ်၊ ညစူထာရွာရှိ ရွေတူးဖော်ရေး လုပ်ငန်းခွင်နေရာများသို့ စစ်အုပ်စုကလေယာဥ်ဗုံးကြဲခဲ့ရာ အလုပ်သမား (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်အပါအဝင် စုစုပေါင်းသေဆုံးသူများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များလည်း ပါဝင်ကြောင်းလည်း သထုံခရိုင်ဘက်က ဆိုသည်။

ထို့အပြင် ပြည်သူထိခိုက်သေဆုံးမှုအပြင် ပစ်ခတ်မှုအကြိမ်တိုင်းတွင် နေအိမ်များ၊ ဒေသခံအသက်မွေးဝမ်းကြောင်းပြုသည့် စိုက်ပျိုးသီးနှံများပါ ပျက်စီးဆုံးရှုံးခဲ့သည်။

Photo: KNU

တစ်ဖက်တွင်လည်း ဇွန်လ(၃)ရက်မှ (၂၆)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲပေါင်း(၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၇) ဦးသေဆုံး၍ (၁၃) ဦးဒဏ်ရာရရှိသွားသည်ဟု သထုံခရိုင်မှတ်တမ်းက ဖော်ပြသည်။

စစ်အုပ်စုထိခိုက်သေဆုံးမှုသည် ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်မှု၊ တိုက်ဗုံးနှင့် မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တော်လှန်ရေး ပူးပေါင်းတပ်မှ ပစ်ခတ်မှုကြောင့် ဖြစ်ပြီး မဟာမိတ်တပ်ဘက်ကလည်း (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက မှတ်တမ်းတင်ထားသည်။

အလားတူ ယခု ဇူလိုင်လအတွင်း ဘီးလင်းမြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းထိုးမှုများဖြစ်ပေါ်နေပြီး KNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းရှိသည်။ ထိုတိုက်ပွဲများကြောင့် ကျေးရွာနေဒေသခံများမှာ ယနေ့ထက်ထိ နေရပ်ပြန်မနေရဲကြဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။