Home သတင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ပေါင်(၁၀)သန်းကျော် လျှော့ချလိုက်သည့် ဗြိတိန်အစိုးရကို Burma Campaign UK ရှုတ်ချ

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ပေါင်(၁၀)သန်းကျော် လျှော့ချလိုက်သည့် ဗြိတိန်အစိုးရကို Burma Campaign UK ရှုတ်ချ

14
Photo: Burma Campaign UK

ဇူလိုင် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာ့လူဦးရေထက်ဝက်ကျော် ဆင်းရဲမွဲတေမှုမြင့်တက်နေသည့်အချိန်တွင် လူသားချင်းစာနာမှုအကူအညီကို ပေါင် (၁၀.၃) သန်း လျှော့ချလိုက်သည့် ဗြိတိန်အစိုးရကို ပြင်းထန်စွာရှုတ်ချကြောင်း Burma Campaign UK က ယနေ့ ဇူလိုင်(၁၇)ရက်တွင် ထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံခြားရေးရုံးကထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် ယခင်သတ်မှတ်ထားသည့် လူသားချင်းစာနာမှုအကူအညီကို ဗြိတိန်အစိုးရက (၆၆) သန်းမှ (၅၅.၃) သန်းအထိ လျှော့ချလိုက်ခြင်းဖြစ်သည်။ အချိန်ကာလအားဖြင့် ဗြိတိန်၏ယခုဘဏ္ဍာရေးနှစ်မှ ၂၀၂၉ နှစ်အထိ အနည်းဆုံးကြာချိန်သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါကြေညာချက်ကို ဗြိတိန်က ကမ္ဘာ့ဖလားဘောလုံးပွဲသတင်းများ လူစိတ်ဝင်စားမှုမြင့်တက်နေသည့် အချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး (၈၀)ရာခိုင်နှုန်းသော မြန်မာပြည်သူများ ဆင်းရဲမွဲတေနေမှုနှင့်ရင်ဆိုင်နေရသည်တွင် ဗြိတိန်အစိုးရ၏ လူသားချင်းစာနာမှုအကူအညီ လျှော့ချခြင်းအပေါ် Burma Campaign UK က ရှုတ်ချထားသည်။

“ဗြိတိန်ရဲ့ အကူအညီတွေဟာ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်နေတာဖြစ်လို့ အခုလို ဖြတ်တောက်လိုက်တာဟာ လူတွေကို သေတွန်းပို့လိုက်တာပါပဲ။” Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့အပြင် ဗြိတိန်အစိုးရ၏လုပ်ရပ်သည် အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်၍ တော်လှန်ရေးအင်အားစုများအား စိတ်ဓာတ်ပျက်ပြားအောင် ဖန်တီးနေသည့် စစ်အုပ်စုအတွက် ဝမ်းသာစရာဖြစ်သလို တဖက်တလမ်းက အကူအညီပေးရာရောက်ကြောင်းလည်း ၎င်းအဖွဲ့က ထောက်ပြထားသည်။

Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာက ဆက်လက်၍ “ဗြိတိန်အစိုးရက မြန်မာစစ်တပ်ဆီကို သွားနေတဲ့ လက်နက်နဲ့ ငွေကြေးတွေကို ဖြတ်တောက်မယ့်အစား ကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်ပြီး မြန်မာပြည်သူတွေကို ပစ်ပယ်ထားပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ထို့အတူ ထုတ်ပြန်ချက်အရ ဗြိတိန်နိုင်ငံ၏ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ နှစ်နှင့်ချီရပ်ဆိုင်းနေသည့်အချိန်တွင် စစ်အုပ်စုက ၂ ခွဲနာရီလျှင် တစ်ကြိမ်နှုန်းဖြင့် မြန်မာပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေပြီး တစ်ရက်နှင့် ၃နာရီ ကျလျှင် ကလေးငယ်တစ်ဦး သေဆုံးနေရကြောင်းလည်း သိရသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ စတာလင်ပေါင် သန်း(၉၀)မှ (၁၁၀) ဝန်းကျင် နှစ်စဥ်ပံ့ပိုးကူညီမှုရှိခဲ့သည်။ သို့သော် အာဏာသိမ်းပြီးကာစ ကာလများတွင်မူ အကူအညီ၏(၇၃)ရာခိုင်နှုန်းအထိ ဖြတ်တောက်ခြင်းရှိခဲ့သည်ဟု Burma Campaign Uk က ဆိုသည်။