Home သတင်း ဖားအံတွင် ဓားရှောင်ရာမှ ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် လူငယ်အမှု သိန်း ၂၀၀ ဖြင့် ကျေအေး

ဖားအံတွင် ဓားရှောင်ရာမှ ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် လူငယ်အမှု သိန်း ၂၀၀ ဖြင့် ကျေအေး

17
Photo: CJ

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဓားဖြင့်ပစ်ပေါက်ခြင်းကို ရှောင်တိမ်းရာမှ ယာဥ်တိုက်ခံရပြီး အသက် ၁၇ နှစ်အရွယ် လူငယ် သေဆုံးမှုအပေါ် နစ်နာသူမိသားစုဘက်မှ ငွေကျပ်သိန်း (၂၀၀) ဖြင့် ကျေအေးပေးလိုက်ကြောင်း နီးစပ်သူထံမှသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က လွန်းညရေပြာအိုင်သို့ ဆိုင်ကယ်ဖြင့်အလည်အပတ်လာသည့် လူငယ်အဖွဲ့အား တုတ်၊ ဓား ကိုင်ဆောင်ထားသူ လူတစ်စုက မှားယွင်း၍ ဓားပေါက်ခြိမ်းခြောက်ခဲ့ရာ အဖွဲ့တွင်လိုက်ပါလာသူလူငယ်က နောက်ကြောင်းလှည့်ပြေးရာမှ ယာဥ်တိုက်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ အမှုအပေါ် ရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ဓားဖြင့် ခြိမ်းခြောက်မှုကျူးလွန်သူနှင့်၎င်းမိသားစုအား သွားရောက်တွေ့ဆုံခဲ့ကြရာ နစ်နာသူအတွက် ငွေကျပ်သိန်း ၂၀၀ ပေးလျော်ပြီးနောက် အမှုကျေအေးသွားခြင်းဖြစ်သည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက “ရွာကလူကြီးတွေ သွားပြီးတွေ့ကြတယ်။ ဟိုဘက်က တစ်ဦးတည်း ခေါင်းခံလိုက်တယ်။ ပြေငြိမ်းဖို့အတွက် သိန်း ၂၀၀ ပေးဖို့ သဘောတူပြီးပြီ။ တဖက် ကနေကြည့်ရင် သူသတ်တာ မဟုတ်ပေမဲ့ သူ့ကြောင့် သေရတယ်လေ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒေသခံများပြောပြချက်အရ ဓားဖြင့်ခြိမ်းခြောက်ခဲ့သူမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ယခင်ကလည်း အဖွဲ့အစည်းနောက်ခံဖြင့် ရာဇဝတ်မှု ကျူးလွန်ခြင်းရှိ ကြောင်း သိရသည်။ ယင်းကြောင့် အမှုဖြစ်စဥ်တွင် လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရသည့်အပေါ် ငွေကြေးဖြင့် ပြေငြိမ်းရုံမျှမက ပါဝင်ပတ်သက်သူများအား ထိရောက်စွာ ဖမ်းဆီးအရေးယူ ပေးစေလိုကြောင်းလည်း ဒေသခံများက လိုလားနေကြသည်။

“လူ့အသက်တစ်ချောင်း ပါသွားပြီဆိုတော့လေ။ သူ့နဲ့ထိုက်သင့်တာအလိုက် အပြစ်ပေးတာလိုချင်တယ်။ အဖွဲ့ထဲ ပါတဲ့သူအားလုံးကို ဖမ်းစေချင်တယ်။ ရဲအနေနဲ့ရော လက်နက်ကိုင်အနေနဲ့ရော အုပ်စုလိုက် သွားတာကိုလည်း ဖမ်းသင့်တယ်။ ဒီလိုမျိုး လည်ပတ်စရာများတဲ့ နေရာတွေမှာဆိုရင် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် လုပ်စေချင်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အမှုတွင် PC နာမည်ထွက်လာသည့်အပေါ် အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် စောကျော်ညွန့်အား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ မိမိတို့အဖွဲ့အစည်းအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်း ဥပဒေအတိုင်းသာ အခြေခံပြီးလုပ်ဆောင်နေကြောင်း တုံ့ပြန်ပြောဆိုသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က ” တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုရင်တော့ တပ်ဖွဲ့ရဲ့ စည်းမျဉ်းဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်။ ဒီကိစ္စရဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ လက်လှမ်းမမီဘူး။ ညွှန်ကြားမှုတွေ ဘာတွေလောက်ပဲ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်အတွင်း အပန်းဖြေလည်ပတ်စရာ နေရာများတွင် လပြည့်၊ လကွယ်ရက်များ၌ လူငယ်များ အုပ်စုဖွဲ့၍ ဆိုင်ကယ်အသံကျယ်ကျယ်လောင်လောင်ဖြင့် မောင်းနှင်ခြင်း၊ အုပ်စုဖွဲ့၍ တုတ်၊ ဓားများဖြင့် ရမ်းကားဆူညံမှုများ မကြာခဏဖြစ်ပေါ် လေ့ရှိသည်။

ထိုသို့ ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်စေခြင်းအပေါ် တာဝန်ရှိသူများက ထိရောက်စွာ အရေးယူမှုမရှိသည့်အတွက် “မင်းမဲ့စရိုက်” များအဖြစ်များ ပိုမိုဆိုးရွားလာကြောင်းလည်း မြို့ခံများက ဝေဖန်ပြောဆိုနေကြခြင်းရှိသည်။