Home သတင်း တပ်ရင်းမှူးကိုသတ်ပြီး KNLA ထံ ဘက်ပြောင်းခိုလှုံလာသည့် ဖာပွန်ရှိ စစ်မှုထမ်းတပ်ဖွဲ့ဝင်သစ် (၉) ဦး အထိရှိလာ

တပ်ရင်းမှူးကိုသတ်ပြီး KNLA ထံ ဘက်ပြောင်းခိုလှုံလာသည့် ဖာပွန်ရှိ စစ်မှုထမ်းတပ်ဖွဲ့ဝင်သစ် (၉) ဦး အထိရှိလာ

18
Photo: Social Media

ဇူလိုင် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကမမောင်း-ဖာပွန်လမ်းသို့တက်လာသည့် စစ်အုပ်စုစစ်ကြောင်း၏ ခြေလျှင်တပ်ရင်း ခလရ-၁၉ တပ်ရင်းမှူး ကျော်မျိုးသန်းကို သတ်ပြီးနောက် KNLA တပ်မဟာ(၅)ဘက်သို့ ဘက်ပြောင်းခိုလှုံလာသူ စစ်မှုထမ်းတပ်ဖွဲ့ဝင်အသစ်(၉)ဦး အထိရှိလာပြီဖြစ်ကြောင်း ဖာပွန် စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါတပ်သားသစ်များမှာ စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းခံရပြီးနောက် ဖာပွန်စစ်ကူအတွက်ပို့ဆောင်ခံလိုက်ရခြင်းဖြစ်ပြီး တပ်တွင်းအကြမ်းဖက်မှုကျူးလွန်သူ ၎င်းတို့တပ်ရင်းမှူးကို သတ်ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅)ဘက်သို့ ဇွန်လ(၂၁)ရက်နေ့မှစတင်၍ ဘက်ပြောင်းခိုလှုံလာကြခြင်းဖြစ်သည်။

“တပ်ရင်းမှူးကိုသူတို့သတ်ပြီး ကျနော်တို့ဘက်ကိုဝင်လာတဲ့ ပထမရက်မှာ(၃)ယောက်ရှိတယ်။ ပြီးတော့နောက်ရက်မှာ (၆)ယောက်ထပ်လာတယ်။ သူတို့က တပ်ထဲကို အဓမ္မဝင်လာရပြီးမခံနိုင်လို့ ဆက်သွယ်ပြီးဝင်လာတာ။ ထပ်ဝင်ချင်တဲ့လူအများကြီးရှိသေးတယ်လို့ပြောတယ်” ဟု ဖာပွန်တွင် စစ်ဘက်ဆိုင်ရာတာဝန်ယူထားသူက ပြောသည်။

KNLA ပူးပေါင်းတပ်ဘက်သို့ ပြောင်းလာသူများအနက် စစ်အုပ်စုတပ်သားတစ်ဦးမှ ထုတ်ဖော်ပြောဆိုမှုအရ ဖာပွန်စစ်ကူများ ကမမောင်းမှတစ်ဆင့် ကတိုင်တိအလွန် နို့ဖောထီးကျေးရွာအနီးဝန်းကျင်သို့ရောက်ရှိအထိုင်ချစဥ်တွင် ၎င်းတို့တပ်ရင်းမှူး၏ နှိပ်စက်ခြင်းခံခဲ့ရကြောင်း သိရသည်။

ဖာပွန်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အများစုမှာ အဓမ္မစစ်မှုထမ်းဖမ်းဆီး၊ စစ်သင်တန်းပေးခံရပြီးနောက် ရှေ့တန်းသို့ပို့ဆောင်ခံရသူများဖြစ်သည်ဟုလည်း လှုမှုကွန်ရက်မှထုတ်ဖော်ပြောဆိုလာသည့် ၎င်းဘက်ပြောင်းတပ်သား၏ရုပ်သံမှတ်တမ်းတွင် ပါဝင်သည်။

စစ်အုပ်စုမှာ ဖာပွန်မြို့ကိုထိန်းချုပ်ရန်နှင့် ဖာပွန်ဗျူဟာကုန်းသို့စစ်ကူပေးရန် ပြီးခဲ့သည့် မေလမှစတင်ကာ ဖာပွန်-ကမမောင်းလမ်းကြောမှတစ်ဆင့် အင်အားအများအပြားအသုံးပြု၊ စစ်ကြောင်းခွဲတက်လာခြင်းဖြစ်ပြီး စစ်ကူလမ်းတစ်လျှောက်တွင်လည်း ဒေသခံလူထုနေထိုင်သည့်ကျေးရွာများသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းရှိသည်။