ဇူလိုင် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေများကို ကမ္ဘာက အလေးထားနိုင်ရန်အတွက်ရည်ရွယ်ကာ အမေရိကန်ရှိ ကရင်လူငယ်များက ဇူလိုင်လ (၂၀)ရက်နေ့တွင် ဝါရှင်တန်ဒီစီ (U.S) Congress capital တွင် လွှတ်တော်အမတ်များနှင့် သွားရောက်တွေ့ဆုံ တင်ပြကြကြောင်း သိရသည်။
အမေရိကန်အတွင်း နေထိုင်သည့် တက်ကြွလှုပ်ရှားသူ ကရင်လူငယ်(၃၄)ဦးသည် ပညာရေးနှင့် စည်းရုံးလှုံ့ဆော်ရေးခရီးစဉ်အဖြစ် အမေရိကန်ကွန်ဂရက်ရှိ လွှတ်တော်အမတ်များ၊ လွှတ်တော်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ကော်သူးလေ(ကရင်ပြည်)အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သွားရောက်တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့က ငြိမ်းချမ်းတဲ့နေရာမှာနေ၊ သွားတင်ပြပြီးရင် ကောင်းကောင်းပြန်အိပ်ရတယ်။ ဒါပေမယ့် ကော်သူးလေမှာရှိတဲ့ ကျနော်တို့ပြည်သူက တိုက်ပွဲကြားမှာ အကြောက်တရားနဲ့နေထိုင်ရတယ်။ ဒါကြောင့် သူတို့အတွက်ကို သွားပြီးပြောပေးတယ်” ဟု အမေရိကန်ကရင်အဖွဲ့အစည်း(AKO)အဖွဲ့မှ ဦးဆောင်သူ စောအဲနေသော က ကေအိုင်စီသို့ ပြောသည်။
ကရင်လူငယ်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေများနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအပါအဝင် ကဏ္ဍပေါင်းစုံ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်အစိုးရ ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုရှိခဲ့ခြင်း၊ စစ်အာဏာရှင်ကျရှုံးရေးအတွက် လေယာဉ်ဆီ ပိတ်ဆို့မှု၊ ဘဏ်ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းရှိသည်ကို ပြောဆိုကြသည်ဟုလည်း စောအဲနေသောက ဆိုသည်။
အဆိုပါခရီးစဉ်ကို အမေရိကန်ရှိ California Karen Youth Connection, US Campaign For Burma နှင့် Karen Organization of America တို့က ဦးဆောင်ပြီး ပြည်နယ် (၉)ခုရှိ ကရင်လူငယ်များကိုယ်စားပြုပါဝင်ထားသည်။
အလားတူ လူငယ်များ ခရီးလိုက်ပါတက်ရောက်ကြခြင်းသည် အမေရိကန်ရှိ ကရင် လူငယ်များ ဦးဆောင်ဦးရွက်ပြုတတ်ရန်၊ ကရင်လူထုအတွက် အများရှေ့တွင် စနစ်တကျ ကိုယ်စားပြု ပြောဆိုတတ်ရန်အတွက် ရည်ရွယ်ကြောင်းလည်း ဦးဆောင်သူထံမှ သိရသည်။



















