ဇူလိုင် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ကရင့်ပညာရေးလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေပွဲ ကမ်ပိန်းတွင် သတ်မှတ်ထားသည့် ပမာဏ ပြည့်မီရန် အမေရိကန်ဒေါ်လာ ၈ သောင်းကျော် (၈၉ ရာခိုင်နှုန်း) ထပ်မံလိုအပ်နေသေးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)၊ ကရင်ဆရာမများဗဟိုအဖွဲ့ (KTWG)၊ Beyond-Sittaung Education (BSE) နှင့် ကရင်ကျောင်းသားများအဖွဲ့ (KSA-CMU) တို့ပူးပေါင်းပြီး ကရင့်ပညာရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (၁၀၀,၀၀၀) ရရှိရန် ရည်ရွယ်ကာ အဆိုပါကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်သည်။
ခြောက်ပတ်ကြာ ပြုလုပ်မည့် အွန်လိုင်းကမ်ပိန်းသည် လက်ရှိတွင် စတုတ္ထပတ်သို့ ရောက်ရှိနေပြီး ဇူလိုင် ၂၄ ရက်နေ့အထိ ကောက်ခံရရှိထားသည့် အလှူငွေမှာ အမေရိကန်ဒေါ်လာ (၁၁,၀၀၀) သာ ရှိသည်။ ထို့ကြောင့် ကျန်ရှိသည့် နှစ်ပတ်အတွင်း သတ်မှတ်ပမာဏပြည့်မီရန် အမေရိကန်ဒေါ်လာ (၈၉,၀၀၀) ခန့် ထပ်မံလိုအပ်နေကြောင်း ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။
“အွန်လိုင်းကမ်ပိန်းကို ခြောက်ပတ် သတ်မှတ်ပြီး တေးဂီတအစီအစဉ်အပါအဝင် အွန်လိုင်းလှုပ်ရှားမှု အမျိုးမျိုး ပြုလုပ်နေတယ်။ အခုဆိုရင် လေးပတ်မြောက်ထဲ ရောက်နေပြီ။ ကျန်တဲ့ ၂ ပတ်အတွင်းမှာ ကျန်တဲ့ ၈၉ ရာခိုင်နှုန်းလောက်ကို ထပ်ရဖို့ ကျနော်တို့လည်း နှိုးဆော်နေတာ ဖြစ်တယ်” ဟု ကမ်ပိန်းအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောသောသီက ပြောသည်။
ထို့အပြင် ကမ်ပိန်းကာလပြီးဆုံးသွားသည့်တိုင်အောင် လာမည့် နိုဝင်ဘာလမတိုင်မီအထိ အလှူငွေများကို ဆက်လက်ပေးပို့ လှူဒါန်းနိုင်သေးကြောင်း ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့က ဆိုသည်။
လက်ရှိနှင့်နောက်လာမည့် ကရင့်ပညာရေးလုပ်ငန်းများ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည့် အဆိုပါကမ်ပိန်းအတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် https://ktwg.org/dnt/ သို့ သွားရောက်ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

ထို့အတူ ဒေသအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးအကြပ်အတည်းကြောင့် အလှူငွေရရှိမှု အကန့်အသတ်ရှိနိုင်သော်လည်း ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးနှင့် လုံခြုံရေးအတွက် အခက်အခဲများကြားမှ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအား စိတ်ပိုင်းဆိုင်ရာ အားပေးမှုဖြစ်စေရန် ပူးပေါင်း ပါဝင်ပေးစေလိုကြောင်း ကမ်ပိန်းဦးဆောင်သူများက လူထုထံ တိုက်တွန်းနေခြင်းရှိသည်။
စောသောသီက ဆက်လက်၍ “ပါဝင်မှုအနည်းငယ်ကလည်း သူတို့(ဆရာ/ဆရာမတွေ)အတွက် အများကြီး အထောက်အကူပြုတယ်။ ငွေပမာဏထက် စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတာ နောက်ကွယ်က အကြောင်းအရာကို မြင်စေချင်တယ်။ နည်းတာများတာ ပြဿနာမရှိဘူး။ ဆရာ/ဆရာမတွေနဲ့အတူတူ ရပ်တည်တယ်ဆိုတာ ပြသပေးဖို့ပဲ လိုအပ်တာပါ”ဟု ဆိုသည်။
နိုင်ငံတကာရောက် ကရင်လူထုအနေဖြင့်လည်း ကျောင်းသူ၊ ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့်အတူ ရပ်တည်ကြောင်း ဖော်ပြနိုင်ရန် တတ်နိုင်သမျှ ပါဝင်လှူဒါန်းရန်လည်း ကမ်ပိန်းဦးဆောင်သူများက ထည့်သွင်းတိုက်တွန်းထားသည်။
KECD ၏အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ကော်သူးလေ(ကရင်ပြည်)အတွင်းရှိ ကျောင်းဆရာ၊ ဆရာမဦးရေ (၁၁,၉၃၉) ဦးရှိပြီး ကျောင်းသူ၊ကျောင်းသား (၁၄၉,၇၂၈) ဦးနှင့် စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်းရှိသည်။
သို့သော် ယခင်က ကျောင်းဆရာ၊ ဆရာမတစ်ဦးကို တစ်နှစ်လျှင် ထိုင်းဘတ်ငွေ (၁၀,၀၀၀) ကျော် ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ပညာရေးရန်ပုံငွေမလုံလောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် တစ်ဦးလျှင် တစ်နှစ်စာ ထိုင်းဘတ်ငွေ (၇,၅၀၀)အထိသာ ထောက်ပံ့နိုင်ခြင်းရှိကြောင်း သိရသည်။



















