Home သတင်း NUG နဲ့ NUCC ၏ ဖက်ဒရယ်အသွင်ကူး ပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ(AFTA) Zero draft ရေးဆွဲပြီးစီး

NUG နဲ့ NUCC ၏ ဖက်ဒရယ်အသွင်ကူး ပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ(AFTA) Zero draft ရေးဆွဲပြီးစီး

16
Photo: CJ

ဇူလိုင် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC နှင့်အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ(AFTA) Zero draft ကို ရေးဆွဲပြီးစီးသွားကြောင်း ယနေ့ဇူလိုင်လ (၅)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

အဆိုပါအခြေခံဥပဒေတွင် ဥပဒေအခန်းပေါင်း(၁၃)ခန်းပါဝင်ပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်များအားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism) စနစ်အပေါ် အခြေခံရေးဆွဲထားခြင်းဖြစ်သည်။

အသေးစိတ်အချက်အလက်များကိုမူ တော်လှန်ရေးအင်အားစုများအားလုံး စုံညီပါဝင်နိုင်မည့် အသွင်ကူးပြောင်းရေးကာလတွင် ညှိနှိုင်းဆုံးဖြတ်သွားကြမည်ဟု ပွဲတက်ရောက်သူများက ဆိုသည်။

“AFTA မှာ နိဒါန်းမပါရင် စုစုပေါင်းအခန်း(၁၃)ခန်း ပါပါတယ်။ အခြေခံမူတွေနဲ့ပဲ ထည့်သွင်းထားတာပါ။ အသေးစိတ်ကိုတော့ ကျနော်တို့အသွင်ကူးပြောင်းရေးကာလမှာ အစုအဖွဲ့တွေ၊ အင်အားစုတွေ အားလုံးစုံစုံညီညီပါဝင်နိုင်တဲ့အခြေအနေရောက်တော့မှ ဖက်ဒရယ်ညီလာခံခေါ်ပြီး အကျေအလည် ညှိနှိုင်းဆုံးဖြတ်ကြဖို့ဖြစ်ပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

လက်ရှိ အခြေခံမူတွေရေးဆွဲရာတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာအခြေခံမူများ၊ အ‌ခြေခံအခွင့်အရေးများ၊ ပြည်နယ်နယ်နမိတ်များရေးဆွဲရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ဘဏ္ဏာရေးနှင့်ငွေကြေးဆိုင်ရာ၊ ပြန်လည်ထူထောင်ရေးအစီအမံများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဥပဒေများကို ဆွေးနွေးညှိနိုင်း၍ ရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် တင်ပြကြခြင်းရှိသည်။

Photo: CJ

ထို့အပြင် ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းတွင် တရုတ်နိုင်ငံက ပါဝင်ဖိအားပေးလုပ်ဆောင်နေမှုနှင့်ပတ်သက်၍ ကြားကာလ၌တစ်နိုင်ငံလုံးထိခိုက်လာနိုင်သည့်အပေါ် ကာကွယ်နိုင်ရေးအပြင် ပြည်နယ်များနှင့် ပြည်ထောင်စု၏လုပ်ပိုင်ခွင့်အခန်းကဏ္ဍများကိုလည်း အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

NUCC အဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နှင်းနှင်းမွှေးက “မြစ်ဆုံအရေးက ကချင်တစ်ခုတည်းရဲ့အရေးမဟုတ်ဘူး ကျမတို့တစ်နိုင်ငံလုံးရဲ့အရေးဖြစ်ပါတယ်။ တရုတ်ရဲ့ဖိအားတွေလည်း ပါတာပေါ့နော်၊ ဒါတွေကို သတင်းမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် အသံထုတ်ပေးနိုင်ဖို့ကိုလည်း ကျမတို့မျှော်လင့်တယ် ” သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် တော်လှန်ရေး၏လက်နက်တစ်ခုဖြစ်သလို တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လုပ်ဆောင်နိုင်စွမ်းကိုလည်းပြသနိုင်မည်ဖြစ်ကြောင်း NUCC, NUG တို့က သုံးသပ်ပြောဆိုနေကြခြင်းရှိသည်။

ယနေ့ပြုလုပ်ခဲ့သည့် AFTA Zaro Draft ရေးဆွဲပြီးစီးကြောင်း အသိပေးရှင်းလင်းပွဲကို သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများအပါအဝင် ဖိတ်ကြားထားသည့် နယ်စပ်အခြေစိုက်သတင်းဌာနများ၊ နိုင်ငံတကာသံရုံးတာဝန်ရှိသူများမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။