Home သတင်း BGF က ငြိမ်းချမ်းခြင်းအယောင်ပြ ထီးမူးထအပန်းဖြေစခန်း ဖော်ဆောင်နေသော်လည်း ဒေသခံတစ်ချို့ စစ်ဘေးရှောင်နေရဆဲ

BGF က ငြိမ်းချမ်းခြင်းအယောင်ပြ ထီးမူးထအပန်းဖြေစခန်း ဖော်ဆောင်နေသော်လည်း ဒေသခံတစ်ချို့ စစ်ဘေးရှောင်နေရဆဲ

17
Photo: CJ

ဇူလိုင်၊ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ရာမတီး/မြဝတီမြို့နယ်တောင်ပိုင်းရှိ ထီးမူးထချောင်းတွင် ကရင်နယ်ခြားစောင့်တပ်-BGF ဗိုလ်မှူးစောမုတ်သုန်ဦးဆောင်ပြီး ဒေသတည်ငြိမ်အေးချမ်းသယောင်ပြ အပန်းဖြေစခန်းနေရာ အကောင်အထည်ဖော်နေသော်လည်း ရွာခံတစ်ချို့ မှာ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဒေသတွင်းတည်ငြိမ်မှု အာမခံချက်မရှိသည့်အတွက် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်မည်ကို စိုးရိမ်မှုကြောင့် ထီးမူးထရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာမှ ရွာခံအချို့မှာ ယနေ့ထက်ထိနေအိမ်မပြန်နိုင်ကြသော်လည်း BGF ဦးဆောင်ကာ ထီးမူးထချောင်းနံဘေးတွင် အပန်းဖြေစခန်းနေရာများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ရာမတီးမြို့နယ် ပညာရေးတာဝန်ရှိသူတစ်ဦးက “လက်ရှိကတော့ ဒေသခံ ငါးပုံဆိုရင် သုံးပုံလောက်ပြန်နေပြီပေါ့။ ဒါပေမယ့် ရွာမှာစစ်တပ်တွေနေတယ်။ အရင်ကလို အဝင်အထွက်မှတ်ပုံတင်စစ်တာ မရှိတော့ပေမယ့်လည်း တိုက်ပွဲပြန်ဖြစ်မှာကြောက်တော့ တချို့က တောထဲမှာ ရှောင်နေတာရှိသေးတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထီးမူးထချောင်းအား BGF နှင့် ပြည်နယ်စစ်အုပ်စုပူးပေါင်းကာ လူထုများ လာရောက်အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ပုံဖော်နေသလို စစ်ဘေးကြောက်၍နေရပ်ရှောင်နေသည့်ဒေသခံများကိုပါ အိမ်ပြန်နေခိုင်းခြင်းရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင် အဆိုပါချောင်းအပန်းဖြေစခန်းနေရာသို့ စစ်အုပ်စုလက်အောက်ရှိ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးမင်းထွေး လာရောက်လည်ပတ်ခဲ့သလို ဒေသတွင်း အေးချမ်းသာယာနေပြီဖြစ်ကြောင်းလည်း လှုမှုကွန်ရက်မှတဆင့် ပြောဆိုမှုရှိခဲ့သည်။

Photo: CJ

“အခုဒီဟာ စနေတာ(၄၀)ရာခိုင်နှုန်းလောက် ပြီးပြီပေါ့။ မြဝတီမြို့နေပြည်သူတွေ လာပြီးအပန်းဖြေတာ တော်တော်လေးများတယ်။ မရှိဘူးဆိုရင် နေ့စဥ် လူ ထောင်ဂဏန်းလောက်ရှိတယ်။ ဒါကိုကြည့်ရင် ကျနော်တို့ကရင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းတော့မယ် အေးချမ်းတာကိုခံစားချင်နေကြပြီဆိုတာ သိသာတယ်” ဟု ဦးအေးမင်းထွေးက လှုမှုကွန်ရက်မီဒီယာ(ဖေ့ဘွတ်ခ်) မှတဆင့် ရုပ်သံမှတ်တမ်းဖြင့် ပြောသည်။

တဖက်တွင်လည်း နယ်မြေဒေသတည်ငြိမ်သေးသည့်အပေါ် အပန်းဖြေနေရာဖော်ဆောင်နေသဖြင့် ထောက်ပြပြောဆိုနေကြခြင်းရှိသည်။

ယမန်နှစ်က တော်လှန်ရေးပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို စစ်အုပ်စုမှ ပြန်လည်ထိန်းချုပ်ရန် နို့ဖိုး၊ ထီးမူးထ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အများအပြားမီးလောင်ပျက်ဆီးသွားခဲ့ပြီး ဒေသခံလူထုမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ထို့အတူ လက်ရှိအချိန်ထိ မြဝတီတောင်ပိုင်းတွင် စစ်အုပ်စုစစ်ကြောင်းထိုးမှုများ ဆက်လက်ဖြစ်ပေါ်နေသလို တော်လှန်ရေးအင်အားစုနှင့် စစ်အုပ်စုတို့နှစ်ဖက်တိုက်ပွဲအကြား တိုက်ပွဲပြင်းထန်နေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။