Home သတင်း ဖမ်းဆီးခံထားရသည့် သထုံမြို့နယ်၊ ဝင်းစိန်ရွာ ဒေသခံ (၈) ဦးအနက် (၄) ဦး ပြန်လည်လွတ်မြောက်

ဖမ်းဆီးခံထားရသည့် သထုံမြို့နယ်၊ ဝင်းစိန်ရွာ ဒေသခံ (၈) ဦးအနက် (၄) ဦး ပြန်လည်လွတ်မြောက်

11
Photo: CJ

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာ ရွှေညောင်ပင်ကွက်သစ်ရှိ စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ဒေသခံအမျိုးသား(၈)ဦးအနက် (၄)ဦးမှာ ဇွန်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့က စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင် အင်အားအများအပြားဖြင့် ဝင်းစိန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံအမျိုးသား(၈)ဦးကို ဖမ်းဆီးကာ နေအိမ်များအတွင်းရှိ ရွှေ၊ ငွေ နှင့် ဆိုင်ကယ်လေးစီးကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် စောဆထူးအသက်(၂၅)နှစ်၊ ကျော်ဇင်အောင် အသက်(၂၅)နှစ်၊ စောမြင့်အေး အသက်(၂၆)နှစ်နှင့် နောက်ထပ် အမည်မသိသူတစ်ဦးတို့ ပြန်လည်လွတ်မြောက်လာပြီး ကျန်(၄)ဦးမှာမူ ယနေ့ထက်ထိ ပြန်မလွတ်သေးဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

“လေးယောက်တော့ ပြန်လွတ်လာပြီ။ ကျန်တဲ့ သူတွေကိုတော့ မလွှတ်သေးဘူး” ဟု ပဒိုစောအေးနိုင်က ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများအား ငွေပေး၍ ပြန်ရွေးခဲ့ရခြင်း ရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ပဒိုစောအေးနိုင်က ဆိုသည်။

စစ်အုပ်စုလက်ဝယ်ကျန်ရှိနေသည့် ဒေသခံ(၄)ဦးမှာ အသက် (၃၈) နှစ်မှ (၄၀) ဝန်းကျင်အကြားရှိ အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့ကို သထုံမြို့မရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားခြင်းကြောင့် စစ်မှုထမ်းရန်ပို့ဆောင်ခံရမည့်အရေး သက်ဆိုင်ရာမိသားစုက စိုးရိမ်ပူပန်နေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အတူ ကေအဲန်ယူ၊ တပ်မဟာ (၁) နယ်မြေအတွင်းရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များတွင် စစ်အုပ်စုတပ်နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများက လုံခြုံရေးအကြောင်းပြ၍ လမ်းသွားလမ်းလာများနှင့် ဒေသခံရွာသားများကို မကြာခဏ ဖမ်းဆီးငွေညစ်ခြင်း၊ စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်းများ ဆက်တိုက် ပြုလုပ်လေ့ရှိကြောင်း ဒေသခံများကဆိုသည်။