ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးနှင့် မင်းလက်ပံကျေးရွာ လမ်းပိုင်းကို ထိန်းချုပ်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို စစ်အုပ်စုက မြေပြင်မှ ထိုးစစ်ဆင်၍ မရသဖြင့် ဇူလိုင် ၁၂ ရက်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့မှစတင်ကာ အဆိုပါလမ်းပိုင်းကို စစ်အုပ်စုတပ်က မြေပြင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်ရာတွင် အကျအဆုံးများပြီး တပ်ပြန်ဆုတ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ လေကြောင်းပစ်ကူကို အဓိကထားအသုံးပြုလာခြင်းဖြစ်သည်။
ယနေ့ (ဇူလိုင် ၁၅) နံနက် ၆ နာရီကျော်အချိန်တွင်လည်း ဂျက်တိုက်လေယာဉ်များအပြင် Y-12 ဗုံးကြဲ လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
“စစ်အုပ်စုက ၃ ရက်ရှိပြီ၊ နေ့ရောညပါ လေယာဉ်နဲ့ လာကြဲနေတာ။ မနေ့ည ၇ နာရီကျော်မှာလည်း လာကြဲတယ်။ ဒီနေ့မနက် ၆ နာရီကျော်ကစပြီး Y-12 နဲ့ ပတ်ပြီး ဗုံးကြဲနေတယ်။ သူတို့ဘက်က မင်းလက် ပံလမ်းပိုင်းကို တက်မရဘဲ တပ်ပြန်ဆုတ်နေရလို့ လေကြောင်းကို အားကိုးပြီး ဗုံးကြဲခိုင်းနေတာပါ” ဟု KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် လေးကေ့ကော် ကျောက်တောင်အထက်ပိုင်း၊ ရဲကုန်းနေရာနှင့် ကျွန်းခုနှစ်ပင်နေရာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် မြဝတီတောင်ဘက်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်များသည် ဝေါလေစစ်ဗျူဟာ၊ KK Park တရုတ်ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း)စခန်း၊ လက်ခတ်တောင်နှင့် ခြေလျင်တပ်ရင်း(ခလရ -၂၇၅) တပ်ရင်းတို့မှတစ်ဆင့် လက်နက်ကြီးများ၊ ဒုံးကျည်များဖြင့် ပစ်ကူပေးလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဖလူးနှင့် မင်းလက်ပံကျေးရွာအတွင်းရှိ လူနေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနများ ထိခိုက်ပျက်စီးမှု များရှိနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
၎င်းအပြင် တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲ့ကို ကင်းရွာဘက်သို့ ကျရောက်မှုများ ဆက်လက်ရှိနေကြောင်း ဒေသဆိုင်ရာထိုင်းသတင်းအရင်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



















