Home သတင်း ဖလူး-မင်းလက်ပံတိုက်ပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုဘက်မှ အင်အားပူးပေါင်းကူညီနေ

ဖလူး-မင်းလက်ပံတိုက်ပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုဘက်မှ အင်အားပူးပေါင်းကူညီနေ

21
Photo: CJ

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ရာမတီး/မြဝတီမြို့နယ်ထဲရှိ နယ်မြေများပြန်လည်ရယူရန် စစ်အုပ်စုက လေးကေကော်မှတစ်ဆင့် ဖလူး-မင်းလက်ပံသို့ အင်အားရာနှင့်ချီတက်လာပြီး ထိုအထဲတွင် ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ခွဲထွက် DKBA ဗိုဘ်ဘိအဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

လေးကေကော်မြို့သစ်ထဲဝင်လာသည့် စစ်အုပ်စုက ယမန်နေ့ (ဇူလိုင် ၇ ရက်) နေ့ ညနေပိုင်းတွင် ဖလူး၊ မင်းလက်ပံသို့ လူအင်အားရာချီဖြင့် စစ်ကားများအသုံးပြု၍ ဆက်လက်ချီတက်လာပြီး နောက်တန်းမှလည်း လက်နက်ကြီးများ ပစ်ခတ် စစ်ကူပေးနေသည်။

ထိုစစ်ကြောင်းတွင် စစ်အုပ်စု၏ တပ်မ(၂၂)၊ တပ်မ(၄၄)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၃)၊ (၁၉)တို့ပါဝင်ပြီး BGF ဗိုလ်မုတ်သုန်၊ ဗိုလ်ချစ်လုံနှင့် ခွဲထွက် DKBA ဗိုလ်ဘိတပ်ဘက်မှ ဗိုလ်နိုင်လွင် ဦးဆောင်သည့် တပ်များကလည်း စစ်ကူအင်အား ပါဝင်ပို့ဆောင်ပေးခြင်းရှိသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

KNLA သတင်းအရင်းအမြစ်က “ဖလူး-မင်းလက်ပံအထိတော့ သူတို့ရောက်လာပြီ။ တစ်ညလုံးပဲ တက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်တာဒီမနက်အထိပဲ” ဟု ကေအိုင်စီကို ပြောသည်။

Photo: CJ

ထို့အပြင် ယမန်နေ့ညပိုင်းအထိ စစ်အုပ်စုဘက်မှ အင်အားဆက်တိုက်ပို့ဆောင်မှု ဆက်လက်ရှိနေပြီး လေးကေကော်တွင်လည်း အင်အား(၂၀၀) ကျော် ထပ်မံရောက်ရှိလာကြောင်း သိရသည်။

လက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်အုပ်စုအကြား စစ်ရေးတင်းမာနေသလို ထိုင်း-မြန်မာနယ်စပ်အနီး ပစ်ခတ်မှုများဖြစ်ပွားနေခြင်းကြောင့် ထိုင်းဘက်က ကျေးရွာများအထိ လက်နက်ကျည် ကျရောက်ခြင်းရှိသည်။ ထို့ကြောင့် နယ်စပ်နေလူထုအနေဖြင့် လုံခြုံသည့် နေရာသို့ပြောင်းရွှေ့နေထိုင်ကြရန်နှင့် သတိထားသွားလာကြရန် ထိုင်းအာဏာပိုင်ဘက်က တိုက်တွန်းနှိုးဆော်ထားသည်။

ပစ်ခတ်မှုများအတွင်း ထိုင်းဘက်မှ လူနေအိမ်အချို့ လက်နက်ကျည် တိုက်ရိုက်ထိမှန်ခြင်းတို့ရှိခဲ့ပြီး ပြန်လည်တုန့်ပြန်နိုင်ရန် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဘက်က အင်အားချထားခြင်းရှိကြောင်းလည်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။