Home သတင်း စစ်အုပ်စုလေကြောင်းနှင့် လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်တွင် နှစ်ဝက်အတွင်း ဒေသခံပြည်သူ (၇၃) ဦးသေဆုံး

စစ်အုပ်စုလေကြောင်းနှင့် လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်တွင် နှစ်ဝက်အတွင်း ဒေသခံပြည်သူ (၇၃) ဦးသေဆုံး

20
Photo: KNU

ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ(တပ်မဟာ-၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲတွင် စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင် တာဝန်ရှိသူများထံမှ သိရသည်။

ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ(ရွှေကျင်)၊ ကျောက်ကြီး နှင့် မုန်း စသည့်မြို့နယ် ၃မြို့နယ်စလုံးတွင် စစ်အုပ်စုတပ်က ပြည်သူများအား Drone ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၇၀ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၈၂) ကြိမ်၊ ကျေးရွာများထဲတွင်လည်း လက်နက်ကြီးပေါင်း (၃၉၃)လုံးအထိ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်လက်နက်ကြောင့် သေဆုံးသူများတွင် အရပ်သား ပြည်သူ အမျိုးသမီး ၃၅ ဦး၊ အမျိုးသား ၃၈ ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူ ၁၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာအကြောင်းမဲ့ ၃၅၄ ဦး ဖမ်းဆီးခံခဲ့သည်ဟု ခရိုင်လချုပ်စာရင်း၏ ဖော်ပြချက်အရ သိရသည်။

၎င်းအပြင် အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် စာသင်ကျောင်း ၁၀ ကျောင်း ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃ ကျောင်း ဆေးရုံနှင့် ဆေးပေးခန်း ၃လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သေးသည်။

Photo: KNU

အလားတူ ပြည်သူပိုင်နေအိမ် ၂၀၂ လုံးအပြင် မော်တော်ယောဥ် ၁ စီး၊ ဆိုင်ကယ် ၁၁ စီး၊ လယ်ထွန်စက် နှင့် မြေတူးစက်တို့လည်း ပျက်စီးခဲ့ရပြီး ဒေသခံတို့ မွေးမြူထားသည့် နွား ၁၁ ကောင်၊ ကျွဲ တစ်ကောင်၊ မြင်း တစ်ကောင်နှင့် ဝက် ၅ ကောင် သေဆုံးခဲ့သည်ဟု ခရိုင်လချုပ်စာရင်း၌ အသေးစိတ် ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။

ထို့အပြင် ကေအဲန်ယူ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်တစ်ခုလုံး၌ အာဏာသိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲနှင့် စစ်အုပ်စုစခန်းသိမ်းတိုက်ပွဲများ ဖြစ်ပေါ်နေသည်။ ထို့အတူ မူး/မုန်းမြို့နယ် အပါအဝင် ကျောက်ကြီးမြို့နယ်အတွင်း စစ်အုပ်စုက ၎င်းတို့ဆုံးရှုံးထားသည့်နယ်မြေများ ပြန်လည်ရယူရေး အင်အားဖြည့်စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်ရေးအခြေ အနေတင်း မာလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။