Home သတင်း စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ မောတောင်လမ်းပိုင်း အသုံးပြုသူများ စည်းကမ်းလိုက်နာရန် Black Cobra Column တိုက်တွန်း

စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ မောတောင်လမ်းပိုင်း အသုံးပြုသူများ စည်းကမ်းလိုက်နာရန် Black Cobra Column တိုက်တွန်း

23
Photo: CJ

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုကို ပြန်လည်စစ်ဆင်တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေသောကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ရှိ မော‌တောင် နယ်စပ်မြို့အဝင် လမ်းပိုင်းကို အသုံးပြုသွားလာမည့် ပြည်သူများအနေဖြင့် စစ်ရေးကာလ စည်းကမ်းချက်များကို လိုက်နာရန် Black Cobra Column ဇူလိုင်လ (၁၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။

စစ်ဆင်ရေးကာလအတွင်း တားမြစ်ထားသည့် နေရာများကို ဖြတ်သန်းသွားလာပါက ပစ်မှတ် မှားယွင်း ထိခိုက်နိုင်သည့်အတွက် ပြည်သူများ လိုက်နာရန်လိုအပ်သည့်စည်းကမ်းချက်များကို ကေအဲန်ယူ တပ်မဟာ(၄)အခြေစိုက်အဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ဆင်ရေးကာလစည်းကမ်းချက်များအရ မောတောင်မြို့အဝင် (နကသဂိတ်)မှ အမှတ်(၉) ကျေးရွာအထိ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားပြီး မဖြစ်မနေသွားလာရမည့် ပြည်သူများအနေဖြင့် အိမ်စီးကား၊ ဆိုင်ကယ်များဖြင့်သာ သွားလာကြရမည်ဟု ဆိုသည်။

ထို့အပြင် ထုံခါး လမ်းဆုံမှ အမှတ်(၉) ကျေးရွာအထိလမ်းပိုင်းကိုလည်း အထူးတားမြစ်ဇုံအဖြစ် သတ်မှတ်ထားပြီး ပြည်သူလူထု ဖြတ်သန်းသွားလာခွင့် မပြုရန် Black Cobra Column က တားမြစ်ထားသည်။

ဒေသနေပြည်သူလူထုအနေဖြင့် စစ်အုပ်စုကို သတင်းပေး၊ သတင်းယူ ဆောင်ရွက်ခြင်းမပြုရန်နှင့် ကင်းကင်းရှင်းရှင်းနေထိုင်ကြရန် သတိပေးထားသည့်အပြင် စစ်အုပ်စုနှင့်ပတ်သက်သော လက်နက်၊ ခဲယမ်းနှင့် အခြားဆက်စပ်ပစ္စည်းများ တင်ဆောင်းခြင်းမပြုကြရန်လည်း စည်းကမ်းချက်တွင် ပါဝင်သည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖမ်းဆီးခံရခြင်း၊ ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သဖြင့် တားမြစ်ချက်များကို လိုက်နာပေးကြရန် Black Cobra Column က သတိပေးဖော်ပြသည်။

Photo: CJ

မောတောင်နယ်စပ်မြို့ကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် သိမ်းပိုက်ရရှိခဲ့ရာ (၆)လခန့်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့နောက် စစ်အုပ်စုဘက်မှ မြို့ပြန်လည် ထိန်းချုပ်နိုင်ရန် ဗျူဟာ(၂)ခု၊ တပ်ရင်း (၁၁)ရင်းပါသည့် အင်အားအလုံးအရင်း အသုံးပြု၍ ၂၀၂၆ ခုနှစ် ဧပြီလတွင် မြေပြင်ထိုးစစ်ဆင်လာကာ သဲဖြူချောင်းမှ မောတောင်မြို့အထိ လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းလက်နက်ကြီးပစ်ခတ်မှုတို့ အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းရှိသည်။

ပြည်သူလူထု ထိခိုက်နစ်နာမှု များလာသည့်အတွက် ၂၀၂၆ ခုနှစ် မေလတွင် မောတောင်မြို့နှင့် ထုံခါး-မောတောင်လမ်းပိုင်းကို ပူးပေါင်းတပ်ဘက်မှ ဆုတ်ခွာပေးခဲ့ရကြောင်းလည်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ထို့အတူ ခုခံစစ်ကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် (၅၁) ဦး သေဆုံးခဲ့ရသလို ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်လွှတ်ပေးဆပ်ရသည့် ရဲဘော်(၁၃)ဦးအပါအဝင် ရဲဘော်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုဘက်ကလည်း တပ်ဖွဲ့ဝင် (၅၀၀) ကျော်သေဆုံးခဲ့ပြီး (၁,၀၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုထံမှ KNLA ပူးပေါင်းတပ်သို့ ဘက်ပြောင်းခိုလှုံလာသူ(၄၆)ဦး ရှိခဲ့သလို နောက်ထပ်တပ်ဖွဲ့ဝင် (၅၂)ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမိခဲ့သည်ဟု Black Cobra Column ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။