ဇွန် ၁၀ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုန်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီး အလုပ်သမားပွဲစားတစ်ဦးကို သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာလုပ်သား နိုင်လင်းဆိုသူကို ဆူဖန်ဘူရီခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားပွဲစား ဒေါ်တင်နွယ်မာဝင်း (ခေါ်) စင်ဒီဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ညပိုင်းက ပထုန်ဌာနီခရိုင်၊ လက်ဒ်လွန်ကဲ (Lat Lum Kaeo) မြို့နယ်ရှိ ၎င်း၏နေအိမ်အတွင်း ဦးခေါင်းကို မာကျောသည့်အရာဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခံထားရသည့် ဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ သားဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီးနောက် ဒေသခံရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းရှိ အိမ်သာရေကန်၌ လူသတ်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် တူ၊ သံချောင်းနှင့် ဓားတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူ၏ လက်ကိုင်ဖုန်းကို မီးဖိုချောင်ဗီဒိုအတွင်း ဝှက်ထားသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ သေဆုံးသူ၏သားဖြစ်သူ၏ ထွက်ဆိုချက်နှင့် အခင်းဖြစ်ပွား ရာလမ်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများကို အခြေခံကာ သေဆုံးသူနှင့် ရက်ပိုင်းကြာ အတူနေထိုင်ခဲ့သည့် မြန်မာလုပ်သား နိုင်လင်းကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
CCTV မှတ်တမ်းများတွင် နိုင်လင်းသည် လူသတ်မှုကျူးလွန်ပြီးနောက် မျက်နှာကို ဖုံးအုပ်ထားကာ အဖြူရောင်ပလတ်စတစ်အိတ်တစ်လုံး ကိုင်ဆောင်၍ နေအိမ်မှ ထွက်ခွာသွားသည်ကို တွေ့ရှိရသည်။ ထို့နောက် ရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်လံ စုံစမ်းခဲ့ရာ ၎င်းမှာ တက္ကစီနှစ်စီးကို အဆင့်ဆင့် ပြောင်းလဲစီးနင်းကာ ဆူဖန်ဘူရီခရိုင်၊ ဆမ်ချွတ်မြို့နယ်ရှိ ပုလင်းဆေးစက်ရုံတစ်ခုအတွင်း သွားရောက်ပုန်းအောင်းနေခဲ့သည်ကိုစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့တွင် ၎င်းအား ဖမ်းဆီးရမိခဲ့ပြီး လက်ဒ်လွန်ကဲရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာ ဘာသာပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းချက်များအရ နိုင်လင်းသည် အလုပ်ရှာမရသေးသည့် ကိစ္စနှင့် ပတ်သက်၍ သေဆုံးသူနှင့် စကားများရန်ဖြစ်ရာမှ တူဖြင့် အကြိမ်ကြိမ်ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း ကနဦး ဝန်ခံထွက်ဆိုထားသည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် လူသတ်မှုကျူးလွန်ပြီးနောက် သေဆုံးသူ၏ ကိုယ်ပေါ်မှ ထိုင်းဘတ်ငွေ ၁,၅၅၀ ကို ယူဆောင်ထွက်ပြေးခဲ့ကြောင်းလည်း ဝန်ခံထားသည်ဟု သိရသည်။
လက်ရှိတွင် နိုင်လင်းအား ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနှင့် ခိုးမှုစွဲချက်များဖြင့် ဖမ်းဆီးအရေးယူထားပြီး ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



















