Home သတင်း စစ်တောင်းအရှေ့ဘက်က စစ်ရှောင်အိမ်(၁၀)လုံးထက်မနည်း စစ်အုပ်စုမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများခိုးယူ

စစ်တောင်းအရှေ့ဘက်က စစ်ရှောင်အိမ်(၁၀)လုံးထက်မနည်း စစ်အုပ်စုမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများခိုးယူ

569
Photo crd- CJ (ပုံဟောင်း- ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီးစဥ်)

ဇွန် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွင် လတ်တလောစစ်ကြောင်းထိုးတပ်စွဲထားသည့် စစ်အုပ်စုက စစ်ဘေးရှောင်ကျေးရွာ(၃)ရွာမှ နေအိမ်(၁၀)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းခိုးယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ဇွန်လပထမအပတ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များသိမ်းယူခဲ့သည့် ဆွာမကြီးစခန်းကို စစ်အုပ်စုက လက်ရှိတွင်ပြန်လည်တပ်စွဲထားသလို အနီးနားကျေးရွာများသို့ စစ်ကြောင်းလှည့်လည်သွားလာနေခြင်း ဖြစ်သည်။

ထိုစစ်ကြောင်းဝင်ရောက်စဥ် ဇွန်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ခင်တန်း၊ ကြိတ်ပုတီးနှင့် ပိတောက်ကုန်းရွာရှိ နေအိမ်(၁၀)လုံးထက်မနည်း မီးရှို့ခံလိုက်ရသည်ဟု အနီးအနားတွင် စစ်ရှောင်နေရသူများကပြောသည်။

“ခင်တန်းက (၇)လုံး၊ ကြိတ်ပုတီးက (၃)လုံး၊ ပိတောက်ကုန်းမှာလည်း (၄) (၅) လုံးလောက်ရှိမယ်။ အကုန်ရှို့တာမဟုတ်ဘူး သူတို့သံသဃဝင်တဲ့အိမ်တွေကိုပဲရှို့တာ။ ကျနော်တို့စစ်ရှောင်နေတဲ့နေရာကနေ အဲဒီဘက်ကို မီးခိုးတွေလှမ်းမြင်နေရတယ်လေ။ လောလောဆယ် အဲဒီက ရွာသားတွေကတော့ အကုန်ရှောင်နေရတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ထို့အတူ စစ်ဘေးရှောင်များထံစုံစမ်းချက်အရ စစ်ကြောင်းဝင်ရောက်ခဲ့သည့် ကျေးရွာနေအိမ်ရှိ ပစ္စည်းများကို စစ်အုပ်စုက ခိုးယူသယ်ဆောင်ကြခြင်းရှိကြောင်းလည်း သိရသည်။

ဖော်ပြပါ အမျိုးသားကလည်း ဆက်လက်၍ “ဘာမှမကျန်ဘူး၊ သူတို့ဝင်သွားတဲ့ရွာမှန်သမျှဘာမှမကျန်ဘူး အကုန်မွှေနှောက်ပြီး ယူသွားတာ။ ဆိုလာ၊ ဘက်ထရီ၊ အပ်ချုပ်စက်ကအစ။ သယ်သွားတာလည်းရှိတယ် မီးရှို့ပစ်တာလည်းရှိတယ်။ အဲဒီရွာတွေမှာ PDF လည်းမနေပါဘူး ဒလန်ကြောင့်လို့ပဲထင်တယ် ကျနော်ကတော့” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတချို့ ပြောပြသည်မှာ လက်ရှိ စစ်အုပ်စုက ပိတောက်ကုန်းကျေးရွာတွင် အထိုင်ချထားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်စစ်မျက်နှာဆိုင်ထားသည့် အခြေအနေရှိသည်။

ယင်းကြောင့် ပိတောက်ကုန်းအပါအဝင် ကြိတ်ပုတီးနှင့် ခင်တန်းရွာတို့မှာ လတ်တလော စစ်ရှောင်နေရသလို ယမန်နေ့ ဇွန်(၉)ရက်နေ့အထိ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် နယ်မြေလုံခြုံမှုမရှိသေးကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသည့် ဒေသခံတချို့ရှိသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသော်လည်း အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ထို့အတူ ယနေ့ နေ့လည် (၁)နာရီဝန်းကျင်အချိန်တွင် ဆွာမြို့၊ ရွာသာယာကျေးရွာ၌ စစ်အုပ်စု၏ကာမီကာဇေဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ရေတာရှည်မြို့နယ်သတင်းအရင်းအမြစ်မှ သိရသည်။

ရေတာရှည်မြို့နယ်သည် နေပြည်တော်စစ်ဌာနချုပ်နယ်မြေနှင့်နီးကပ်သဖြင့် စစ်ရေးအရ အရေးပါသော နေရာတွင်ရှိသည်။ အာဏာသိမ်းထားသည့်အတောအတွင်း ရေတာရှည်မြို့နယ်ထဲတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု အားကောင်းလာခြင်းကြောင့် စစ်အုပ်စုနယ်မြေထိန်းချုပ်ခွင့်အပေါ် ဖိအားပေး ခြိမ်းခြောက်ခံနေရခြင်းလည်း ရှိနေသည်။