Home သတင်း သတင်းအရည်အသွေးတိုးတက်ရန်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း

သတင်းအရည်အသွေးတိုးတက်ရန်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း

342
Photo: Internet

ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သတင်းပညာအရည်အသွေးမြင့်တင်ရန်၊ သတင်းသမားများဘေးကင်းလုံခြုံစွာ သတင်းယူနိုင်ရန်နှင့် မီဒီယာကျင့်ဝတ်များ ရေးဆွဲကျင့်သုံးနိုင်ရန်အတွက် ရခိုင်သတင်းသမားများပါဝင်သော အာရက္ခမီဒီယာကောင်စီ-APC ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇွန်လ(၂၂)ရက်တွင် ထုတ်ပြန်သည်။

ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောရခိုင်သတင်းသမား (၃၃) ဦး ပါဝင်ဆုံးဖြတ်မှုဖြင့် ဇွန်လ(၁၄)ရက်နေ့က အစည်းအဝေးတွင် APC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရေရှည်ခိုင်မာပြီး လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ကျနော်တို့က ရခိုင်သတင်းသမားတွေကို အခြေခံတယ်ပေါ့နော်။ ကော်မတီမှာ ရခိုင်သတင်းသမား(၃၃)ယောက်ပါတယ်။ ရခိုင်ပြည်ထဲမှာ ပြည်ပမှာနဲ့ ရခိုင်သတင်းဌာနတွေမှာလုပ်တဲ့ သတင်းသမားတွေပါပဲ။ အဖွဲ့ထဲမှာ မီဒီယာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး ရေးဆွဲပြဌာန်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ မူကြမ်း လုပ်သွားဖို့လည်းရှိပါတယ်။” ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ ကိုတေဇာအောင်က ပြောသည်။

APC အနေဖြင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ အာရက္ခမီဒီယာကောင်စီ တွင်ပါဝင်လိုသည့် သတင်းသမားများအနေဖြင့် ဆက်သွယ်နိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။

ရခိုင်သတင်းသမားတစ်ဦးက “ရခိုင်မှာက အာဏာပိုင်တွေနဲ့ရင်းနှီးတဲ့သူတွေလောက်ပဲ သတင်းရယူနိုင်စွမ်းရှိကြတာကို တွေ့ရတယ်။ ULA/AA မှာလည်း သတင်းရယူခွင့်လမ်းညွှန်ချက်တွေကို အတိအလင်းချပြမှု မရှိတဲ့အတွက် အခက်အခဲရှိတယ်။ ဒီလို အဖွဲ့အစည်းတစ်ခုရှိတာက မကြာခင်မှာ ဒါဟာတွေကို ညှိနိုင်းဖြေရှင်းလာနိုင်လိမ့်မယ်လို့ ယုံကြည်သလို ကျင့်ဝတ် လိုက်နာပြီး ရဲရင့်တဲ့ သတင်းသမားတွေအတွက်လည်း အကာအကွယ်ရနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

လက်ရှိ APC ဖွဲ့စည်းပြီးနောက် ယာယီကော်မတီများထား၍ လုပ်ငန်းလည်ပတ်ခြင်းရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ရှေ့ဆက်လုပ်ငန်းစဥ်များရေးဆွဲနိုင်ရန် ဆက်လက်အတည်ပြုလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်သူလူထု၏သတင်းသိပိုင်ခွင့်သည့် အဆိုးဆုံးအခြေအနေတွင် ရှိနေကြောင်း ဒေသသတင်းမီဒီယာများက ဖော်ပြသည်။ အကြောင်းအရင်းမှာ စစ်အုပ်စု၏ ဒီဂျစ်တယ်ပိုင်းအရ ပိတ်ဆို့ဖြတ်တောက်မှုများအပါအဝင် အာဏာပိုင်အဖွဲ့များမှ သတင်းရယူခွင့်ကန့်သတ်ခြင်းများကြောင့်ဖြစ်ပြီး သတင်းသမားများသည်လည်း လွတ်လပ်စွာသတင်းယူရေး၊ သတင်းတင်ဆက်နိုင်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားတွင် ရုန်းကန်နေကြရခြင်းရှိသည်။