Home သတင်း လက်နက်ကြီးရန်ကြောင့် လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်တောင်သူများ လယ်စိုက်ရန် အခက်ကြုံနေရ

လက်နက်ကြီးရန်ကြောင့် လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်တောင်သူများ လယ်စိုက်ရန် အခက်ကြုံနေရ

328

ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်၏ မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသောကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။

လက်ရှိ နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှုမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဒေသခံများသည် မိုးစပါးစိုက်ပျိုးချိန်ကာလ ရောက်လာသော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် စိုက်ပျိုး လုပ်ကိုင်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

“လယ်ထဲ သွားရင် လက်နက်ကြီးသံတွေကို နားစွင့်ပြီး လုပ်နေရတယ်။ လှမ်းလှမ်းပစ်ရင် ရွာအစပ်နားက လယ်တဲနေရာထိ ခဏခဏ လာကျတယ်။ သတိထားပြီး နေကြရတာပေါ့။ အသံကြားရင် မြေကြီးပေါ် ဝပ်ချလိုက်ရတာပဲ”ဟု စစ်ရှောင် လယ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လယ်ဒိုမြို့နယ်တွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများအပြင် ပိန်းဇလုတ်၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါးနှင့် နံ့သာကွင်း စသည့် စစ်ဆေးရေးဂိတ်များတွင် လူသုံးကုန်ပစ္စည်းများကိုပါ သယ်ယူခွင့် ကန့်သတ်ပိတ်ပင် စစ်ဆေးဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသတွင်း စစ်ရှောင်ကူညီသူတစ်ဦးက “ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတွေလည်း အခုအချိန်မှာ တော်တော်အခက်အခဲဖြစ်နေတယ်။ သယ်ယူဖို့ ခက်ခဲသလို ပြန်ရောင်းချဖို့လည်း မလွယ်ဘူး။ စိုက်ပျိုး ရေးပိုင်းမှာဆိုရင် တချို့လယ်ယာတွေ ထွန်ယက်နိုင်ပေမယ့် အများစုကတော့ တဝက်တပျက်နဲ့ ထားခဲ့ရတယ်။ အခြေအနေအရ လယ်ယာလုပ်ငန်း ၇၅ ရာခိုင်နှုန်းလောက် ရပ်ထားရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မိသားစုလိုက် နေအိမ်ရွှေ့ပြောင်းနေထိုင်နေကြသော ဒေသခံများသည်လည်း ညဘက်တွင်သာ တိမ်းရှောင်ရာ နေရာတွင် အိပ်စက်အနားယူကြခြင်းဖြစ်ပြီး နေ့ဘက်မှ မိမိတို့နေအိမ်များသို့ ခေတ္တပြန်လည်ကြည့်ရှုရသည့်အခြေအနေ ဖြစ်သည်ဟု အဆိုပါ စစ်ရှောင်ကူညီသူက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့်မေလ(၁၁)ရက်နေ့တွင်လည်း လယ်ဒို/ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ် အနောက်ဖက်ကမ်း ကျေးရွာများတွင် စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီး ပစ်ခတ်မှုများဖြစ်ပွားနေ၍ ကျေးရွာ(၁၀)ရွာထက်မနည်း ဘေးလွတ်ရာနေရာတွင် သွား ရောက်တိမ်းရှောင်နေကြရကြောင်းသိရသည်။

စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာနယ်မြေရှိ ကျေးရွာများကို ပစ်မှတ်သဖွယ်ထား တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်အခြေအနေများ ရှိကြောင်းလည်း ဒေသခံနှင့် နယ်မြေတာဝန်ရှိသူများက ပြောသည်။

လက်ရှိ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် မိုးရာသီကာလသဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက်ပါ အကူ အညီများစွာလိုအပ်လျက်ရှိကြောင်း လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC)ထံမှ သိရသည်။

ကေအဲန်ယူ၏ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ ပြည်သူ လူထု နေထိုင်သည့် ကျေးရွာများကို စစ်အုပ်စုက လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ရွာပေါင်း(၁၃)ရွာနေ ဒေသခံလူဦးရေ (၅,၈၇၀)ခန့် နေစရာအိမ်မဲ့ခဲ့ရကြောင်း သိရသည်။