Home သတင်း မြဝတီ-မဲဆောက် အမှတ်(၂)တံတား ပြန်ဖွင့်သော်လည်း နယ်စပ်ကုန်သွယ်ရေးပြန်လည် ဦးမော့မလာ

မြဝတီ-မဲဆောက် အမှတ်(၂)တံတား ပြန်ဖွင့်သော်လည်း နယ်စပ်ကုန်သွယ်ရေးပြန်လည် ဦးမော့မလာ

178
Photo: AFP

ဇွန် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ်သည့် မြဝတီ-မဲဆောက်အမှတ်(၂)တံတား ပြန်လည်ဖွင့်လှစ်သော်လည်း မြန်မာဘက်မှ ပို့ကုန်သွင်းကုန်လိုင်စင် ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် နယ်စပ်တရားဝင်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာမှုမရှိသေးကြောင်း ထိုင်းပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ ပြောပြချက်အား ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ကုန်သွယ်ရေးအခြေအနေ၏ ၃ နှစ်နှင့် ၄ နှစ်အတွင်း နှိုင်းယှဉ်ချက်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏထက်ဝက်ကျော်ကျဆင်းသွားခြင်းဖြစ်ပြီး ကုန်တင်ကား အဝင်အထွက်များလည်း သိသာစွာ ကျဆင်းနေသည်ဟု Thai PBS North သတင်းက ဖော်ပြသည်။

ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘက်သို့ ပို့ကုန်လိုင်စင်ရရန် ရန်ကုန်မြို့အထိ သွားရောက်လုပ်ဆောင်နေရပြီး ခွင့်ပြုချက် အချိန်ကြန့်ကြာမှုရှိနေသည်။ ထို့အပြင် နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထိန်းချုပ်ရန် ထုတ်ပြန်သည့်မူဝါဒများကြောင့် စီးပွားရေး ကုန်ထုတ်လုပ်မှုအပေါ် ရိုက်ခတ်မှုများလည်း ရှိလာကြောင်း သိရသည်။

မီးစက်၊ ဆက်သွယ်ရေးပစ္စည်း၊ စက်သုံးဆီကဲ့သို့သော ထိုင်းမှပို့ကုန်ပစ္စည်းများမှာ အဆိုပါလုံခြုံရေးဆိုင်ရာမူဝါဒနှင့်ညှိစွန်းနေပြီး တရားမဝင်လုပ်ငန်းများ၌အသုံးပြုမှုတားဆီးရေး အကြောင်းပြချက်ဖြင့် မြန်မာပြည်ဘက်သို့ တင်ပို့ခွင့် ပိတ်ပင်ခံနေရခြင်းဖြစ်သည်။

တဖက် မြန်မာပြည်ဘက်တွင်မူ လုပ်ငန်းရှင်များအား မြဝတီနယ်စပ်ကုန်သွယ်ရေးအတွက် ပို့‌ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခွင့်ပေးသော်လည်း လိုင်စင်ကျရန်အချိန်ကြန့်ကြာနေ၍ မှောင်ခိုဈေးကွက်သာအလုပ်ပိုဖြစ်နေသည်ဟု မြဝတီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

မြဝတီရှိ ကုန်သွယ်ရေးလုပ်ဆောင်သူတစ်ဦးက “လိုင်စင်က ချပေးတယ် လျှောက်လို့ရတယ်။ ကျလာဖို့က အချိန်အရမ်းကြာတယ်။ အဲဒါကြောင့် မှောင်ခိုကုန်နဲ့ပဲ သွားနေရတာ။ “ဟု ကေအိုင်စီသို့ပြောသည်။

Photo: AFP

ထိုင်းအစိုးရသည် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအချက်အချာကျမြို့များသို့ ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ရုံသာမက မီးစက်၊ စက်သုံးဆီနှင့် ဆက်သွယ်ရေးပစ္စည်းများ မြန်မာဘက်တင်ပို့မှုကို တားဆီးပိတ်ပင်သည့်မူဝါဒအား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ထားခြင်းရှိသည်။

ယင်းကြောင့် လက်ရှိ မြန်မာ့စျေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအစား တရုတ်နှင့် အခြားတတိယနိုင်ငံမှ ကုန်ပစ္စည်းများ ဖြတ်သန်းဝင်ရောက်သွားကြောင်းလည်း ထိုင်းလုပ်ငန်းရှင်များက ထောက်ပြနေကြသည်။

Thai PBS North သတင်းတွင် ထိုင်းကုန်စည်များ ပိတ်ဆို့မှု ဆက်လက်ကြန့်ကြာနေခြင်းအပေါ် သက်ဆိုင်ရာအစိုးရအနေဖြင့် ဖြေရှင်းပေးရန်နှင့် ကန့်သတ်ချက်မူဝါဒများ ပြန်လည်သုံးသပ်ပေးရန် ထိုင်းလုပ်ငန်းရှင်များဘက်မှ တောင်းဆိုထားခြင်းရှိကြောင်း ဖော်ပြသည်။

လက်ရှိ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကုန်၊ သွင်းကုန်လိုင်စင် ခွင့်ပြုထားရာ စိုက်ပျိုးရေးထွက်၊ တင်ပို့ကုန်မှာ ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းနှင့် ကြက်သွန်နီအများဆုံး ဖြစ်သည်။

သွင်းကုန်အနေဖြင့်လည်း ထိုင်းဘတ်ငွေ ၆၂၀ သန်း တန်ဖိုးရှိသည့် သွင်းကုန်လိုင်စင်ခွင့်ပြုထားပြီး ကုန်ပစ္စည်းအများစုသည် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုထုတ်ကုန်ကြမ်းများ ဖြစ်သည်ဟု စစ်အုပ်စုလက်အောက်ရှိ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ဇွန်လ(၁)ရက်နေ့က ထုတ်ပြန်သည်။

နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုလျက်ရှိသော မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ယခင် နယ်မြေဒေသလုံခြုံရေးအခြေအနေများကြောင့် (၁၀)လခန့်ကြာပိတ်ထားခဲ့ရာမှ ၂၀၂၆ ခုနှစ် မေလ (၂၈)ရက်နေ့တွင် ပြန်လည်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။