ဇွန် (၂၇) ရက်၊၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံရှိ ပဋိပက္ခပြင်းထန်နေသည့်ဒေသများတွင် အမျိုးသားများ၏အလုပ်အကိုင်ရရှိမှုမှာ (၈၂)ရာခိုင်နှုန်းရှိသည့်အချိန်တွင် အမျိုးသမီးများ၌ (၄၂)ရာခိုင်နှုန်းသာရှိနေပြီး (၂၀) ရာခိုင်နှုန်း ကွာဟချက်ရှိကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့(UN Women) တို့၏ ဇွန်လ(၂၃)ရက်နေ့ထုတ် အစီရင်ခံစာအရ သိရသည်။
“မြန်မာ့စီးပွားရေး အကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရ အဆိုပါအစီရင်ခံစာတွင် ကျား၊ မ အလုပ်အကိုင်ကွာဟမှုသည် ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော အသွားအလာကန့်သတ်ချက်များ၊ အိမ်ထောင်မိသားစု ပြုစုစောင့်ရှောက်မှုဆိုင်ရာ တာဝန်များနှင့် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမြစ်တွယ်နေသည့် အတားအဆီးများကြောင့် အဓိကဖြစ်ကြောင်း ဖော်ပြသည်။
“မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပြင်းထန်ဆုံးဒေသတွေမှာ အမျိုးသားနဲ့အမျိုးသမီးတွေကြား လူမှုစီးပွားရေးနဲ့ ခေါင်းဆောင်မှုကွာဟချက်တွေဟာ သိသိသာသာ ကျယ်ပြန့်လာပြီး အမျိုးသမီးတွေဟာ ဝင်ငွေရရှိနိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နဲ့ ဆုံးဖြတ်ချက်ချနိုင်ခွင့်ရရှိဖို့ အလှမ်းဝေးနေပါတယ်” ဟု ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောသည်။
ထို့အပြင် အစီရင်ခံစာထဲတွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသော ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသမီး၊ အမျိူးသားကြား အလုပ်အကိုင်နှင့်စားနပ်ရိက္ခာဖူလုံမှုအခြေအနေကိုလည်း ဖော်ပြထားပြီး အမျိုးသား(၆၇)ရာခိုင်နှုန်း အလုပ်လုပ်နေသည့်အချိန် တစ်ပြည်နယ်လုံးရှိ အမျိုးသမီး(၃၈)ရာခိုင်နှုန်းသာ အလုပ်အကိုင်ရှိကြောင်း သိရသည်။
ပဋိပက္ခကြောင့် ကရင်နီထက် စစ်ဘေးရှောင်(၅)ဆကျော်ရှိသော ကော်သူးလေ(ကရင်ပြည်နယ်)တွင်မူ စစ်ဘေးကြောင့် အမျိုးသမီးများ၌ ဝန်ထုပ်ဝန်ပိုများလာသလို မိရိုးဖလာရိုးရာဓလေ့နှင့်ရှေးရိုးစွဲအမြင်များကြောင့် အမျိုးသားများထက် အမျိုးသမီးများက အလုပ်လုပ်ခွင့် ပိုမိုခက်ခဲနေကြောင်းလည်း ကရင်အမျိုးသမီးအစည်းအရုံး-KWO က မှတ်ချက်ပြုသည်။
KWO ဥက္ကဌ နော်ကညောဖောက “စစ်ဖြစ်တဲ့အချိန်တွေမှာ အမျိုးသမီးတွေအနေနဲ့ သူကိုယ်တိုင်လုံခြုံဖို့တင်မက သားသမီးတွေ စားသောက်ဖို့၊ ကျန်းမာဖို့အတွက်ပါ ပူပန်ရတယ်။ တော်လှန်ရေးနယ်မြေတွေမှာဆိုရင် စားဝတ်နေရေးတင်မကဘူး၊ လေယာဉ်ရန်နဲ့ လက်နက်ကြီးအန္တရာယ်ကိုပါ အမြဲစိုးရိမ်နေရတယ်။ အထူးသဖြင့် ဒူးသထူခရိုင်ဘက်မှာ အမွှာကိုယ်ဝန်ဆောင်မိခင်လိုမျိုး လက်နက်ကြီးနဲ့ လေယာဉ်ကြောင့် သေဆုံးတာတွေရှိနေလို့ အထူးစိုးရိမ်ပူပန်မှုတွေနဲ့ ကြုံနေရတာပါ” ဟု ကေအိုင်စီကို ပြောသည်။

ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲ့ပေးခြင်းတစ်ခုတည်းဖြင့် လုံလောက်မှုမရှိဟု ကုလသမဂ္ဂက အသိပေးဖော်ပြသည်။
စိုက်ပျိုးရေးနှင့်စီးပွားရေးကဏ္ဍများတွင်မူ ပိုင်ဆိုင်မှုရာခိုင်နှုန်းအရ အမျိုးသားထက် အမျိုးသမီးက သိသိသာသာနည်းပါးနေခြင်းရှိပြီး အမျိုးသမီးများသည် အိမ်ထောင်မှုတာဝန်များအား အမျိုးသားများထက် နေ့စဥ်အချိန်၏နှစ်ဆနီးပါး ပိုမိုအသုံးပြုနေရကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
ယင်းကြောင့် အိမ်ထောင်ပြုစုစောင့်ရှောက်မှုဆိုင်ရာ တာဝန်များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ပံ့ပိုးခြင်းနှင့် အမျိုးသမီးများ၏ မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ကာကွယ်ခြင်းတို့အပါအဝင် ပဋိပက္ခဒေသများတွင် လိုအပ်ချက်နှင့်ညီသော အသက်မွေးဝမ်းကျောင်း အစီအစဥ်များကို လုပ်ဆောင်သင့်သည်ဟု ထောက်ပြအကြံပြုသည်။
UNDP သည် ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေမှုပပျောက်ရေး၊ မညီမျှမှုများလျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရရှိရေးအတွက် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ကူညီပံ့ပိုးပေးနေသော ကုလသမဂ္ဂ၏ အဓိကဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ကြီးဖြစ်သည်။
ထို့အတူ UN Women ကို ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် သီးသန့်ဖွဲ့စည်းထားပြီး ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးကိုမြှင့်တင်ရန်၊ ကာကွယ်ရန် ဦးဆောင်လှုပ်ရှားနေသော ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခု အဖြစ်လည်း သိရသည်။



















