Home သတင်း ထိုင်းမင်းသမီးကြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း KNU သဝဏ်လွှာပေးပို့

ထိုင်းမင်းသမီးကြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း KNU သဝဏ်လွှာပေးပို့

214
Photo: KNU

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းတော်ဝင်မင်းသမီးကြီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီ ကွယ်လွန်အနိစ္စ ရောက်ခြင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်က ယနေ့ ဇွန်လ ၁၆ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာကို KNU-ဒူးပလာယာခရိုင် အလုပ်အမှုဆောင်ကော်မတီက ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း (ရာမ ၁၀)၊ တော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံတော်အစိုးရနှင့် ထိုင်းပြည်သူလူထုထံသို့ လိပ်မူပေးပို့ခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူ မင်းသမီးကြီးသည် သက်တမ်းတစ်လျှောက် ဥပဒေရေးရာ၊ သံတမန်ရေးရာ၊ တရားမျှတမှုဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် မိမိဘဝကို မြှုပ်နှံထားခဲ့သူဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းပြည်သူလူထု၏ သာယာဝပြောရေးအတွက် မင်းသမီးကြီး၏ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့မှုများနှင့် နိုင်ငံတော်အပေါ် ပေးဆပ်ခဲ့သည့် အကျိုးဆောင်မှုများကို အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း KNU က ဆိုသည်။

“ယခုကဲ့သို့ ပူဆွေးဝမ်းနည်းရသည့်အချိန်တွင် ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အနေဖြင့် ထိုင်းတော်ဝင်မိသားစု၊ ထိုင်းအစိုးရနှင့် ပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ စာနာဝမ်းနည်းရပါကြောင်း” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

Photo: KNU

ထို့အတူ မင်းသမီးကြီး၏ မွန်မြတ်လှသော ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ကရုဏာတရားဆိုင်ရာ အမွေအနှစ်များသည် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ဆက်လက်၍ အားကျအတုယူဖွယ် စံပြအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းလည်း KNU က ဆုတောင်းမေတ္တာပို့သထားသည်။

မင်းသမီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီသည် ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ အသက် ၄၇ နှစ်အရွယ်တွင် ကံတော်ကုန် ကွယ်လွန်တော်မူခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်း၏ တော်ဝင်အမိန့်တော်အရ တော်ဝင်ဈာပနအခမ်းအနားကို ရိုးရာ ဓလေ့နှင့်အညီ အမြင့်ဆုံးဂုဏ်ပြုမှုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တော်ဝင်ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ ဒုသစ်မဟာပရာဆတ် နန်းဆောင်၌ ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ထုတ်ပြန်ထားသည်။

ထို့အတူ မင်းသမီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီကံတော်ကုန်မှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဗဟိုကလည်း ဇွန်လ ၁၂ ရက်နေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။