ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုခေါင်းဆောင်များကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) က “အာဏာရှင်များကြီးစိုးရာအရပ်တွင် ဒီမိုကရေစီမရှင်သန်နိုင်” အမည်ရှိ အစီရင်ခံစာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို တိုက်တွန်းသည်။
အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော ယနေ့ ဇွန်လ(၁၆)ရက်နေ့ထုတ် ND-Burma ၏ အကျဥ်းချုပ်အစီရင်ခံစာအတွင်း စစ်အုပ်စုသည် သမ္မတနေရာယူပြီးနောက်တွင်လည်း လူထုအပေါ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်စွမ်းမှာ အာဏာသိမ်းသမ္မတလက်အောက်တွင် ကန့်သတ်ခံနေရခြင်းဖြစ်ပြီး လက်နက်သဖွယ်ပင်အသုံးပြုခံနေရသည်ဟု အစီရင်ခံစာတွင် ဆိုသည်။
ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို အစိုးရတစ်ရပ်အဖြစ် လက်ခံအသိအမှတ်မပြုရုံသာမက ၎င်းနှင့်ဆက်နွယ်နေမှုများအားလုံးကို ဖြတ်တောက်ရမည်ဟု ND-Burma က ဖော်ပြတိုက်တွန်းသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသည့်အင်အားစုများ၊ ရပ်ရွာအခြေပြု လူ့အခွင့်အရေး ကာကွယ်သူများကိုမူ နိုင်ငံတကာအနေဖြင့် အထောက်အပံ့ပေးသင့်ကြောင်း အကြံပြုထားသည်။
အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များအပါအဝင် ဒေသခံပြည်သူများထံ တိုက်ရိုက်ကူညီနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပိုမိုထောက်ပံ့ကူညီရန် လိုအပ်သည်ဟု လူ့အခွင့်အရေးကွန်ရက်အဖွဲ့က ထောက်ပြနေခြင်းရှိသည်။
တဖက်တွင်လည်း အကျပ်အတည်းကြားတွင် တော်လှန်ရေးအင်အားစုများနှင့် ရပ်ရွာအခြေပြု လူ့အခွင့်အရေးကာကွယ်သူများက ကြံ့ကြံ့ခံရပ်တည်နေကြပြီး အာဏာရှင်စနစ်ကင်းစင်သော ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအနေဖြင့် ၎င်းတို့ကိုအသိအမှတ်ပြုရမည်ဟု ND-Burma ဆိုသည်။
ထို့အတူ စစ်အုပ်စုကဒေသခံလူထုများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် ပိုမိုထိရောက်သော ဖိအားပေးမှုများ လိုအပ်နေသလို ND-Burma အနေဖြင့်လည်း မြေပြင်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်မှတ်တမ်းတင်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
ND-Burma ကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေအပေါ် မှတ်တမ်းပြုစုတင်ပြခြင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းအဖွဲ့တွင် အမျိုးသမီးနှင့်လူငယ်၊ နိုင်ငံရေးအကျဥ်းသားအဖွဲ့များအပါအဝင် အဖွဲ့ဝင်(၉)ဖွဲ့ပါရှိပြီး ဆက်စပ်နှင့်မိတ်ဖက်အဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့လည်း ပါဝင်လုပ်ဆောင်နေခြင်းရှိသည်။



















