ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် သမ္မတဟောင်း ယွန်းဆွတ်ယို (Yoon Suk Yeol) ကို ဆိုးလ်ဗဟို တရားရုံးက ယနေ့တွင် နောက်ထပ် ထောင်ဒဏ် ၃၀ နှစ် ထပ်မံချမှတ်လိုက်သည်။
ယခုတစ်ကြိမ် တရားရုံး၏ အမိန့်သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ရန် အကြောင်းပြချက်ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံဘက်သို့ စစ်ရေးသုံးဒရုန်းများ ပျံသန်းစေခဲ့သည့် ကိစ္စနှင့် ဆက်စပ်၍ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းဒရုန်းများ ပျံသန်းနိုင်ရေးအတွက် ပြုံးယမ်း (မြောက်ကိုရီးယား) အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြထားသည်။
အာရှတိုက်တွင် စီးပွားရေးအရ စတုတ္ထမြောက် အင်အားအကောင်းဆုံးဖြစ်သည့် တောင်ကိုရီးယားနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ခဲ့သည့် သမ္မတဟောင်း ယွန်းဆွတ်ယိုကို အခြားသော အမှုပုဒ်မများစွာဖြင့်လည်း တရားစွဲဆို အရေးယူထားသေးသည်။
မစ္စတာ ယွန်းဆွတ်ယိုသည် တောင်ကိုရီးယားနိုင်ငံ၏ ၁၃ ဦးမြောက် သမ္မတဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ကာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဏာလွဲမှားစွာသုံးစွဲမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသူဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာရန် ကြိုးပမ်းမှုနှင့် ဒရုန်းပျံသန်းမှု ကိစ္စရပ်နှစ်ခုမှာ တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း သမ္မတဟောင်းယွန်း၏ အကျိုးဆောင်ရှေ့နေများဘက်က တုံ့ပြန်ငြင်းဆိုထားသည်။
နိုင်ငံတော်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် သမ္မတဟောင်းယွန်းကို ဆိုးလ်တရားရုံးက ယခင်ကလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်သည်။
လက်ရှိတွင် ထိန်းသိမ်းခံထားရသည့် သမ္မတဟောင်းယွန်းသည် ပြီးခဲ့သည့် သောကြာနေ့က အောက်ခြေတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့သော်လည်း စစ်တပ်အပေါ် အမိန့်ပေးပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့မှုကြောင့် ယခုကဲ့သို့ ထောင်ဒဏ် ၃၀ နှစ် ထပ်မံတိုးမြှင့် ချမှတ်ခံရခြင်းဖြစ်သည်။
Reference : Reuters



















