Home သတင်း ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်ခွင့်ရသည့် Mytel TV360 ကို ဖေ့ဘွတ်ခ်ပေါ်မှ Meta ဖယ်ရှား

ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်ခွင့်ရသည့် Mytel TV360 ကို ဖေ့ဘွတ်ခ်ပေါ်မှ Meta ဖယ်ရှား

1274
Photo: JMF

ဇွန် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကမ္ဘာ့ဖလား(FIFA World Cup 2026) ပွဲစဥ်များ တရားဝင်ထုတ်လွှင့်ခွင့်ရသည့် Mytel TV360 စာမျက်နှာကို Meta က ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဖယ်ရှားလိုက်ကြောင်း Justice for Myanmar-JFM ၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ သိရသည်။

FIFA က Mytel ကို မီဒီယာအခွင့်အရေးပေးခဲ့သည့်လုပ်ရပ်အပေါ် ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင် JFM က ဖေ့ဘွတ်ခ်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထို့နောက် TV360 စာမျက်နှာဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။

ဖေ့ဘွတ်ခ်၏မိခင်ကုမ္ပဏီ Meta က မြန်မာစစ်အုပ်စုနှင့်စီးပွားရေးလုပ်ငန်းများကို ၎င်းတို့ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့်တားမြစ်ပိတ်ပင်ခြင်း မူဝါဒအရ ဖယ်ရှားခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ရှိ Mytel ကို ကမ္ဘာ့ဖလားဘောလုံးပွဲစဥ်များ မြန်မာပြည်တွင်ထုတ်လွှင့်ခွင့်အတွက် တစ်ဦးတည်းမူပိုင်အဖြစ် ပေးခဲ့သည့် FIFA ၏ ဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးအပေါ် လျစ်လျုရှုထားခြင်းဖြစ်ကြောင်း JFM က ဖော်ပြသည်။

“ဒါက စစ်အုပ်စုကိုတော်လှန်ဖို့ အသက်ပေးခဲ့ကြသူတွေ၊ Mytel ကိုသပိတ်မှောက်တဲ့မြန်မာနိုင်ငံသားတွေကို စော်ကားတာ၊ မြန်မာဘောလုံးပရိတ်သတ်ကို ပါးရိုက်လိုက်တာ။ FIFA အနေနဲ့ Mytel ရဲ့မီဒီယာထုတ်လွှင့်ခွင့်ကို ချက်ချင်းရုပ်သိမ်းသင့်တယ်” ဟု JFM ပြောခွင့်ရ မရတနာမောင်က နိုင်ငံတကာသတင်း AP News တွင် ဖြေကြားသည်။
JFM အနေဖြင့် FIFA ၏ လုပ်ရပ်ကိုရှုတ်ချကြောင်းလည်း ယမန်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

မြန်မာစစ်အုပ်စုရှယ်ယာပိုင်ဆိုင်သည့် Mytel ၏ TV360 ကို လုပ်ငန်းဖက်စပ်အဖွဲ့ဖြစ်သော ဗီယက်နမ်စစ်တပ်၏ ဆက်သွယ်ရေးကုမ္ပဏီ Viettel မှ နည်းပညာနှင့် ပလက်ဖောင်းပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင်လည်း TV360 အမည်ဖြင့် ရုပ်သံများဖြန့်ဝေနေခြင်းရှိကြောင်း သိရသည်။