Home သတင်း ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ပူးပေါင်းကြိုးပမ်းကြရန် ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့များ ဆွေးနွေးသဘောတူ

ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ပူးပေါင်းကြိုးပမ်းကြရန် ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့များ ဆွေးနွေးသဘောတူ

28
Photo: KNU

ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါဝင်လာမည့် ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အရပ်ဖက်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းပွဲမှ သဘောတူခဲ့ကြကြောင်း သိရသည်။

ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်း(၂၆)ဖွဲ့ပါဝင်သည့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်မှ (၁၈)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဆက်စပ်သော နိုင်ငံရေးအရွေ့အပြောင်း အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ထုတ်ပြန်သည်။

ထိုဆွေးနွေးပွဲကို အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြုလုပ်သလို ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရာတွင်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး စသဖြင့် ကဏ္ဍအသီးသီး၌ အင်အားစိုက်ထုတ်တိုးမြှင့်လုပ်ဆောင်ကြရန် သဘောထားချမှတ်ခဲ့ကြသည်ဟု ဆိုသည်။

ကေအဲန်ယူဘက်ကလည်း လက်ရှိနိုင်ငံရေးအပေါ် ချဥ်းကပ်မှုများ၊ နိုင်ငံရေးရပ်တည်ချက်များ၊ ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့၏အခန်းကဏ္ဍများ၊ ကော်သူးလေပဋိဉာဥ်၊ ကော်သူးလေဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စများကို ဆွေးနွေးတင်ပြပြီး ကရင်အရပ်ဖက်အဖွဲ့များမှ အကြံပြုပေးခဲ့ကြောင်း သိရသည်။

Photo: KNU

“တော်လှန်ရေးကာလထဲမှာ လုပ်ဆောင်နေတဲ့အရာတွေကို ကေအဲန်ယူက ချပြတာပေါ့။ နောက် လက်ရှိမှာ စစ်အုပ်စုဘက်ကလည်း ငြိမ်းချမ်းရေးစကားဝိုင်းဖိတ်ခေါ်နေတဲ့အပေါ် ဘာတွေသက်ရောက်မှုရှိလာနိုင်လဲဆိုတာ အရပ်ဖက်အဖွဲ့တွေကနေ ပြန်လာဆွေးနွေးတယ်၊ ကေအဲန်ယူကလုပ်သင့်တာတွေ ဥပမာ ကေအဲန်ယူအနေနဲ့လူထုစည်းရုံးရေးအားကောင်းဖို့ ပိုလုပ်သင့်တယ်ဆိုတာမျိုး အကြံပေးတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကရင့်နိုင်ငံရေး၊ လှုမှုရေး၊ ဘာသာရေးတို့တွင် ကေအဲန်ယူ၊ ကရင်အရပ်ဖက်အဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သာမက အခြားအမျိုးသားအဖွဲ့အစည်းများကြားတွင်လည်း ပိုမိုနားလည်မှုရယူပြီး ပူးပေါင်းမှုပိုရရှိရေးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

ဆွေးနွေးပွဲကို ကေအဲန်ယူ၏ ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ (EIWC) မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး စသည့်တို့ဆောင်ရွက်နေသည့် ကရင်အရပ်ဖက်အဖွဲ့ကိုယ်စားလှယ် စုစုပေါင်း(၈၁)ဦး ပါဝင်သည်။