ဇွန် (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အတုအယောင်ရွေးကောက်ပွဲမှ တက်လာသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဦးဆောင် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့တို့ ယနေ့ ဇွန်လ(၉)ရက်နေ့တွင် အလွတ်သဘော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
7 EAO Alliance ၏ ယနေ့ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်နေ့က စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လာသည့်အပေါ် အပစ်ရပ်(၇)ဖွဲ့ တစ်ဖွဲ့ချင်းအပြင် 7 EAO Alliance အနေဖြင့် လက်ခံသဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့၏အစီအစဥ်များကို ရှင်းလင်းပြောဆိုသွားကြမည်ဖြစ်ကြောင်းလည်း 7 EAO Alliance အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကို လက်ရှိခေတ်အခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရန်၊ ပါဝင်သင့်သည့်အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် သဘောထားရှိသည်ဟု အပစ်ရပ်အဖွဲ့များက ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်လာရန် စစ်အုပ်စုက 7 EAO Alliance တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ကိုယ်စားလှယ်စေလွှတ်ဖိတ်ခေါ်ခြင်းသည် ငြိမ်းချမ်းရေးအပေါ်စိတ်အားထက်သန်မှုကိုပြသရာရောက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ချီးကျူးပြောဆိုသွားသည်။
7 EAO Alliance ကို စစ်အုပ်စု အာဏာမသိမ်းခင်က တော်လှန်ရေးသက်တမ်းရင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST အဖြစ် မြင်တွေ့ခဲ့ရခြင်းရှိသည်။
သို့ရာတွင် အာဏာသိမ်းမှုကြောင့် ကေအဲန်ယူ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ-RCSSနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့နုတ်ထွက်မှုအပြင် ကျန်အပစ်ရပ်အဖွဲ့များ၌ သဘောထားကွဲလွဲမှုများဖြစ်လာအပြီး လက်ရှိ(၇)ဖွဲ့သာ အမည်ခံကျန်ရှိနေသည်။



















