Home သတင်း ဆွာမကြီးတပ်စခန်းသိမ်းအပြီး စစ်တောင်းမြစ်အရှေ့ဘက်တွင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွား၊ ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရ

ဆွာမကြီးတပ်စခန်းသိမ်းအပြီး စစ်တောင်းမြစ်အရှေ့ဘက်တွင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွား၊ ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရ

527
Photo: Crd.

ဇွန် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်အုပ်စု တပ်စခန်းနှစ်ခုကို ပြီးခဲ့သည့်ဇွန်လပထမအပတ်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် နယ်မြေတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်စု အင်အား(၆၀)ဝန်းကျင်အထိုင်ချထားသော ဆွာမကြီးတပ်စခန်းနှင့် ရွာသစ် ကင်းထောက်စခန်းတို့ကို ဇွန်လ(၃)ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူးအဆင့်အရာရှိတစ်ဦးအပါအဝင် (၂၀)ကျော်သေဆုံးသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (Nay Pyi Taw – PDF) က ဇွန်လ(၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် နယ်မြေထဲသို့ လေယာဥ်အပါအဝင် ဒရုန်းနှင့် လက်နက်ကြီးများ စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်သလို စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေ၍ ဆွာရွာမအပါအဝင် ခင်တန်း၊ ကြိတ်ပုတီး၊ ထန်းပင်ကုန်း အစရှိသဖြင့် ရွာ(၈)ရွာထက်မနည်း နေအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

“ဆွာမကြီးရွာဘုန်းကြီးကျောင်းလည်း စိစိညက်ညက်ကြေသွားတယ်။ အဲဒီနေ့ကတည်းက လေကြောင်းတိုက်ခိုက်တာရော ခင်တန်း၊ ကြိတ်ပုတီး၊ ထန်းပင်ကုန်းဘက်ကို စစ်ကြောင်းထိုးတာရော လုပ်တယ်။ လောလောဆယ် ဆွာမကြီးမှာတော့သူတို့(စစ်အုပ်စု)တပ်တွေအထိုင်ပြန်ချထားပြီး စစ်ကြောင်းလိုက်ထိုးနေတာ” ဟု နယ်မြေခံ အမျိုးသားတစ်ဦးက‌ ပြောသည်။

ဒေသခံများအတွက် လတ်တလော မိုးထဲလေထဲတွင် စစ်ဘေးရှောင်နေရာ သီးသန့်မရှိသောကြောင့် နီးစပ်ရာကျေးရွာ ဆွေမျိုးမိတ်ဆွေနေရာများတွင်သာ လိုက်လံနေထိုင်ကြရသည်ဟု စစ်တောင်းအရှေ့ဘက်ဒေသနေ စစ်ဘေးရှောင်နီးစပ်သူများထံမှ သိရသည်။

ယင်းအပြင် ပဲခူးတော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများ ပြောပြချက်အရ ဆွာမကြီးနှင့်ရွာသစ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုထိခိုက်သေဆုံးမှုရှိသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲရက်အတွင်း စစ်အုပ်စုသည် တိုက်ပွဲနှင့်ဆက်စပ်မှုမရှိသည့် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ရွှေဂွန်းရွာသို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သေးသည်။ ထို့ကြောင့် ရွာရှိ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံများ ထပ်မံစစ်ဘေးရှောင်နေရသည်ဟု လိပ်သိုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ရွှေဂွန်းရွာကို ဗုံးလာချတာလေ ဆွာရွာမဘက်မှာ စခန်းသိမ်းတဲ့ရက်ကပဲ။ လူအထိအခိုက်တော့မရှိဘူး အိမ်(၃)လုံးလောက်ပျက်တယ်။ အဲဒီရွာက တစ်ခေါက်စစ်ရှောင်ပြီး အိမ်ပြန်နေရတာတောင် သိပ်မကြာသေးဘူး။” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စုသည် ဆွာမကြီးကျေးရွာတွင် ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် ခံတပ်အခိုင်အမာလုပ်၍ နှစ်နှင့်ချီအထိုင်ချနေရာယူထားခြင်းကြောင့် အိမ်ခြေ(၁၀၀)ကျော်ရှိသည့် ရွာကြီးအတွင်း နေထိုင်သူ ဒေသခံအများအပြားမရှိတော့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အတူ စခန်းသိမ်းတိုက်ခိုက်မှုများဖြစ်ပွားအပြီး စစ်အုပ်စုက စစ်တောင်းအရှေ့ဘက်ရွာများသို့ စစ်ကြောင်းထိုး၊ လေကြောင်းပစ်ခတ်ရုံသာမက ဒေသခံများကိုလူသားဒိုင်းလုပ်ဖမ်းဆီးခြင်းတို့လည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။