Home သတင်း ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွ စစ်ဘေးရှောင်နေရာသို့ စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်များပျက်စီး

ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွ စစ်ဘေးရှောင်နေရာသို့ စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်များပျက်စီး

217
Photo: CJ

ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေ၊ ရေး-ချောင်းဖျားဒေသ ချောင်းနှစ်ခွထဲက စစ်ဘေးရှောင်နေရာကို ယနေ့ ဇွန်လ(၁၈)ရက်၊ မနက်(၁)နာရီဝန်းကျင်မှာ စစ်အုပ်စုလေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များပြိုကျပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်အိမ်များရှိရာကို စစ်အုပ်စု လေယာဥ်ဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး အိမ်များပျက်စီးမှုရှိသော်လည်း လူအထိအခိုက်မရှိဟု ရေးမြို့နယ်ရှိ ဒေသခံအချို့ကပြောသည်။

“ညတုန်းက ဗုံးသွားကြဲတဲ့နေရာက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေလို့ပဲပြောရမယ်။ ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွပေါ့။ အထိအခိုက်တစ်ယောက်မှမရှိဘူး။ အဲဒီမှာရှိတဲ့အဆောက်အဦးတွေထိသွားတယ် ဗုံးကခြံတို့ဘာတို့မှာလည်း ကျတယ်” ဟု ရေး ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရာတွင်နေထိုင်သူများမှာ ပထမအကြိမ် လေယာဥ်ဗုံးကျအပြီး အချိန်မီရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုမရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဒေသခံများသည် နောက်ထပ်လေကြောင်းရန် စိုးရိမ်ရခြင်းကြောင့် ‌လတ်တလော ဘေးလွတ်ရာသို့ရှောင်တိမ်းနေထိုင်ကြကြောင်းလည်း ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

မြို့တောင်ပိုင်းတွင်ရှိသော ချောင်းနှစ်ခွတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သလို မြောက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလှုပ်ရှားမှုရှိလာ၍ စစ်ရိပ်သန်းနေသည့်အခြေအနေဖြစ်သည်ဟု ရေးမြောက်ပိုင်းနေ ဒေသခံများကပြောသည်။

ထို့အတူ‌ ရေးမြို့နယ်အတွင်း ပြီးခဲ့သည့်မေလ(၂၇)ရက်နေ့ကလည်း ရေးဘီလူးစခန်းအခြေစိုက်နေရာသို့ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သလို ဇွန်လ(၃)ရက်၌ ထိုဒေသမှာပင် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။