Home သတင်း မယ်လဒုက္ခသည်စခန်းရှိ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြု

မယ်လဒုက္ခသည်စခန်းရှိ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြု

333

ဇွန် (၁၉) ရက်၊၂၀၂၆ ခုနှစ်။ကေအိုင်စီ

နံနက်ဖြန် ဇွန်လ (၂၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(ဇွန်လ ၁၉ ရက်နေ့)က ပြုလုပ်ကျင်းပခဲ့ပြီး ဒုက္ခသည်ရေးရာတာဝန်ရှိသူများအပါအဝင် လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

TBC (The Border Consortium) မှ တာဝန်ရှိသူများအပါအဝင် မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူများ၊ စခန်းအတွင်းနေထိုင်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ အပါအဝင် စုစုပေါင်း လူဦးရေ (၄,၀၀၀) ကျော် တက်ရောက်လာသည့် အဆိုပါအခမ်းအနားတွင် “လူတိုင်း ဘေးကင်းလုံခြုံမှု ရရှိသည်အထိ” ဆောင်ပုဒ်ဖြင့် ဟစ်ကြွေးကာ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားအစီအစဥ်အရ တာဝန်ရှိသူများက ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခြင်းလည်း ရှိခဲ့သည်။ မယ်လစခန်း ဥက္ကဌ စောဆန်းဒေးကလည်း ဒုက္ခသည်များ၏လိုအပ်ချက်၊ လတ်တလော ထိုင်းနိုင်ငံဘက်က မူဝါဒအပြောင်းအလဲအပေါ် ယခုလိုပြောသည်။

“လူတိုင်းအခက်အခဲကနေလွတ်မြောက်ဖို့ အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းဘက်က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးတာ၊ မှတ်ပုံတင်ကတ်တွေ ထုတ်ပေးတာကြောင့် လူတိုင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် အများကြီး အထောက်အကူဖြစ်စေပြီး ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီမှုရှိပါတယ်” ဟု စောဆန်းဒေးက ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ကလေးငယ်များအတွက် ကာတွန်းရုပ်ရှင်များ ပြသခြင်း၊ ပန်းချီဆွဲခြင်းနှင့် အားကစားပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းအစီအစဥ်များ ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်စနစ်တကျ ခွဲခြား၊ စွန့်ပစ်နည်းများကို အသိပညာပေးခြင်းအပြင် စခန်းအတွင်းစိုက်ပျိုးသီးနှံများကို ရောင်းချခြင်းစသည့် လှုပ်ရှားမှုများကိုလည်း တစ်ပါတည်း လုပ်ဆောင်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်အမျိုးသမီးတစ်ဦးက
“ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကျမတို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရှင်သန်ခဲ့ရသလိုမျိုး ကျမတို့ သားသမီးတွေ ရှေ့ဆက်ပြီးလွတ်လွတ်လပ်လပ်နဲ့ ပညာသင်ကြားခွင့် အပြည့်အဝရရှိပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသမှာ လွတ်လပ်ပြီး အေးချမ်းစွာ ပြန်နေရဖို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုဆန္ဒပြုသည်။

၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ် ချက်အရ နှစ်စဥ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်နေ့အဖြစ် သတ်မှတ်ကျင်းပကြခဲ့ကြသလို ပြီးခဲ့သည့်နှစ်ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတချို့၌ ကျင်းပပြုလုပ်ခဲ့ကြခြင်းရှိသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှဦးဆောင်ကာ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း ပြုလုပ်ကျင်းခဲ့ကြသည့် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒုက္ခသည်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သတ္တိကို အသိအမှတ်ပြုရန်၊ ဒုက္ခသည်များ၏အသံကိုကမ္ဘာက ကြားသိရန်၊ လူသားချင်းစာနာမှုအတွက်ရပ်တည်ချက်ပြရန် အဓိပ္ပါယ်ဖော်ဆောင်ကြောင်းလည်း သိရသည်။