ဇွန်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု မိုးရာသီကာလဖြစ်သော်လည်း အများ ပြည်သူရုံးပိတ်ရက် ရှည်များသာမက ကြားရက်များတွင် အနယ်နယ် အရပ်ရပ်မှ မြို့သို့ လာရောက်လည်ပတ်သူ များပြားပြီး ဟိုတယ်အခန်း ကြိုတင်မှာယူမှုများလည်း ပြည့်သည်အထိ ရှိခဲ့ကြောင်း ဖားအံမြို့နေပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလပိုင်းမှ စတင်၍ ဖားအံမြို့တွင်းရှိ တောတောင်ရေမြေများဆီ အခြားအရပ်ဒေသမှ ဧည့်သည်များ လာရောက်လည်ပတ်မှုက ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် ပိုများလာသည်ဟု မြို့တွင်း ဧည့်လမ်းညွှန်အချို့ကလည်း ဆိုသည်။
ဖားအံ ဧည့်လမ်းညွှန်တစ်ဦးက “အရင်က မိုးတွင်းဆို ခရီးသွားလုပ်ငန်းတွေ အကုန်ရပ်တာ။ အခုက Trend က ချိန်းသွားပြီ။ မနှစ်က ၆ လပိုင်းလောက်မှ ဧည့်သည်စတာ အခု ၅ လပိုင်းတင် ဧည့်သည်တွေ တအားဝင်လာပြီ။ ဖားအံရဲ့ မိုးရာသီ သဘာဝအငွေ့အသက်ကို လိုချင်လို့ လာကြတာများတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
လာရောက်လည်ပတ်သူအများစုသည် လူငယ်ပိုင်း အသက်အရွယ်များ ဖြစ်ကြပြီး အများအားဖြင့် ရက်တို ခရီးစဥ်နှင့် လာရောက်လည်ပတ်ကြခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် စသည့် နယ်ဝေးမှ လာရောက်သူများဖြစ်ကြောင်း အဆိုပါ ဧည့်လမ်းညွှန် အမျိုးသားက ဖြည့်စွက်ပြောသည်။
ထိုသို့ ခရီးသွားဝင်ရောက်မှုများလာခြင်းကြောင့် ဖားအံမြို့၏ တောင်ကြားလမ်းရှိ တည်းခိုခန်းများသည် ဇူလိုင်လအထိ ကြိုတင်ဘိုကင်များ ပြည့်နေပြီး မြို့တွင်းဟိုတယ်များတွင်လည်း အခန်းလုံလောက်မှု အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံနှင့် ခရီးသွားဧည့်သည်များထံမှ သိရသည်။
“ဖားအံရာသီ ဖြစ်တော့ ပိတ်ရက်ရော ကြားရက်ရော ဧည့်သည် ပြည့်ပါတယ်။ အခန်းခတွေကတော့ သတ်မှတ်စျေးအတိုင်းပဲ ရောင်းပါတယ်။ အခုရက်ပိုင်း မီးပြတ်တာရှိတော့ မီးစက်မောင်းဖို့ ဆီဖိုးတွေ ဘာတွေ ထည့်တွက်ရတာမျိုးတော့ ရှိတာပေါ့။ ရက်နီးမှ လာရင်တော့ အခန်းရဖို့ မလွယ်ဘူး” ဟု ဖားအံမြို့ပေါ်ရှိ အမည်မဖော်လိုသူ ဟိုတယ်ဝန် ထမ်းတစ်ဦးက ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ ခရီးသွားနေရာများဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူ၊ ထွန့်ပတိုင်ရေကန်၊ နောင်လုံတောင်ကြားလမ်း၊ နောင်ခလိုင်ရေကန်၊ ဖိုးတခေတ်စေတီ၊ ဇွဲကပင် တောင်ခြေ (လုမ္ပနီဥယျာဉ်)၊ ကျောက်ကလပ်စေတီ၊ တောင်ဝိုင်းတောင်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ အာလဝံအင်းနှင့် စပါးဂူ စသည့် နေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများသည်ဟု သိရသည်။
ထို့အပြင် လာရောက်လည်ပတ်ကြသူများအနေဖြင့် လမ်းခရီးအစစ်အဆေးကြောင့် အခက်အခဲများ ရှိသော်လည်း စိတ်မွန်းကြပ်မှုကို ပြေပျောက်စေရန် သွားရောက် လည်ပတ်ကြခြင်း ဖြစ်သည်ဟု ခရီးသွားတချို့က ပြောဆိုသည်။
“မိုးရာသီဆိုတော့ တောင်တန်းတွေ စိမ်းစိုနေပြီး ရာသီဥတုက အေးချမ်းတယ်။ တောင်ကြား ဟိုတယ်တွေက စျေးကြီးပေမယ့် တောင်ခြေမှာ နေရတဲ့ ခရီးသွားခံစားချက်က တန်ပါတယ်။ ဒါပေမယ့် ဖားအံကိုလာမယ်ဆိုရင်တော့ တည်းခိုဖို့နေရာကို အရင်ဆုံး ကြိုချိတ်ဆက်ထားစေချင်တယ်။ အခန်းတွေက တော်တော်ပြည့်နေလို့” ဟု မြဝတီမြို့မှ သွားရောက်လည်ပတ်သူ ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။
ကရင်ပြည်နယ် ဖားအံမြို့နယ်ထဲတွင် သဘာဝတောင်များရှိကာ ခရီးသွားလည်ပတ်စရာနေရာ အများအပြား ရှိသလို ရန်ကုန်မြို့နှင့် ၆နာရီခန့်သာ အချိန်ကြာပြီး အလွယ်တကူ လာရောက်နိုင်သည့်အတွက် ခရီးသွားများ နှစ်စဉ်တိုးလာသည်ဟု ဒေသခံထံမှသိရသည်။
ထို့အတူ လမ်းခရီးအတွင်း စစ်ဆေးရေးဂိတ်များတွင် ကားများ မကြာခဏရပ်ရပြီး မြို့အဝင်ဂိတ်တွင် ထောက်ခံစာ တောင်းခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းများ လုပ်ဆောင်သောကြောင့် နယ်ဝေးမှ လာရောက်လည်ပတ်သူများအတွက် အချိန်ကြန့်ကြာပြီး လမ်းခရီးတွင် စိုးရိမ်စိတ်ဖြင့် သွားလာနေရသည်ဟု ခရီးသွားတချို့က ပြောသည်။



















