Home သတင်း ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း KnHRG တိုက်တွန်း

ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း KnHRG တိုက်တွန်း

293
Photo: CJ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံရှိ ဒုက္ခသည်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ဇွန်လ(၂၀)ရက်နေ့ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် တောင်းဆိုတိုက်တွန်းသည်။

အရပ်ဖက်အဖွဲ့များအကူအညီဖြင့် အမေရိကန်မှရိက္ခာဖြတ်တောက်ခံရသည့် ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်များသည် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ရခဲ့သော်လည်း ကာကွယ်‌စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေသည်ဟု KnHRG က ဖော်ပြသည်။

ယင်းကြောင့် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဥ်းဥပဒေများကို ကျင့်သုံးလာကြရန် သက်ဆိုင်သူများအားလုံး ပူးပေါင်းပြီး ဟန်ချက်ညီညီ လုပ်ဆောင်သွားကြဖို့ လိုအပ်သည်ဟု ဆိုသည်။

လက်ရှိ ထိုင်းအစိုးရအနေဖြင့်လည်း စခန်းတွင်းနေထိုင်သူများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်များ ထုတ်ပေးနေခြင်းအပေါ် KnHRG က‌ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

ထို့အတူ နယ်စပ်အခြေစိုက်အဖွဲ့များက ဒုက္ခသည်များ အကူအညီရရေး အိမ်နီးချင်းနိုင်ငံများထံ ဆက်လက်တောင်းဆိုနေကြသလို စစ်ဘေးရှောင်များနှင့်ဒုက္ခသည်များမှာလည်း ဆင်းရဲဒုက္ခကိုကြံ့ကြံ့ခံ၍ လူမှုအဖွဲ့အစည်းအတွင်း ပညာရှင်များ၊ လူ့အခွင့်အရေးစောင့်ရှောက်သူများ ဖြစ်လာသည်အထိ ဇွဲလုံ့လကြီးမားခဲ့သည်ဟု KnHRG က ထုတ်ပြန်ချက်တွင် ဂုဏ်ပြုဖော်ပြသည်။

ဆယ်စုနှစ်များစွာကြာ တိုင်းရင်းသားနယ်စပ်ဒေသရှိ ပဋိပက္ခများကြောင့် ကရင်နီအပါအဝင် တိုင်းရင်းသားလူထုမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ခိုလှုံ၍ အကာအကွယ်ယူရခြင်းရှိနေသည်။

ထို့အပြင် ကရင်နီပြည်နယ်၏စစ်ဘေးရှောင်အခြေအနေမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေတစ်ဆထက်တစ်ဆ ပိုမြင့်တက်လာပြီး ယာယီစစ်ရှောင်စခန်း၊ စစ်ရှောင်နေရာများသည်လည်း စစ်အုပ်စု၏ပစ်မှတ်ထားတိုက်ခိုက်စရာဖြစ်လာသည်ဟု KnHRG က ဆိုသည်။

လက်ရှိတွင် ကရင်နီ စစ်ဘေးရှောင်ဦးရေ (၂၅၀,၀၀၀)ဝန်းကျင်၏ အသက်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာမှုအကူအညီများလိုအပ်နေသလို စစ်ဘေးရှောင်ဦးရေများပြားခြင်းကြောင့် ရိက္ခာ၊ ဆေးဝါးနှင့်အခြေခံအမိုးအကာ ပြတ်လပ်မှုက ပိုမိုဆိုးရွားလာကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ပွဲကြောင့်မြန်မာဘက်မှထွက်ပြေးခိုလှုံလာသူများအား လက်ခံထားသော ဒုက္ခသည်စခန်း(၉)ခုရှိပြီး ထိုအထဲမှ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်နှင့် ဘန့်ဒုံယမ်း စခန်းများမှာ ထိုင်း-ကရင်နယ်စပ် ဒုက္ခသည်စခန်းများဖြစ်သည်။ ကျန်ရှိ ကရင်နီဒုက္ခသည်စခန်း(၁)နှင့်(၂)မှာမူ ကရင်နီ-ထိုင်းနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိသည်။