Home သတင်း ထိုင်းအစိုးရ ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့်ကတ်၊ MOI စာရင်းဝင်သူများသာ အခွင့်အရေးရရှိမည်

ထိုင်းအစိုးရ ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့်ကတ်၊ MOI စာရင်းဝင်သူများသာ အခွင့်အရေးရရှိမည်

107
Photo: The Reporters

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နယ်စပ်ဒေသရှိ ဒုက္ခသည်များအား ထိုင်းအစိုးရမှ ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် အထောက် အထားကတ် (ပန်းရောင်ကတ် ) ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) ၏ ၂၀၁၉-၂၀၂၀ ခုနှစ် စာရင်းဇယားတွင် ပါဝင်သူများသာ ရရှိနိုင်မည်ဖြစ်ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိအစိုးရ၏ အစီအစဉ်သည် ဒုက္ခသည်များ စခန်းပြင်ပတွင် တရားဝင်အလုပ် အကိုင်ရှာဖွေ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်သော်လည်း အဆိုပါစာရင်းတွင် မပါဝင်သည့် ဒုက္ခသည် အသစ်များမှာမူ ယခုအစီအစဉ်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

“လူသစ်တွေအတွက်ကတော့ အတင်းအကျပ်ဖိအားပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ (၅) နှစ်စီမံကိန်းထဲမှာတော့ နေရပ်ပြန်မလား၊ တတိယနိုင်ငံသွားမလားဆိုတာ ရွေးချယ်ခွင့် ပေးထားတာရှိတယ်။ ပြည်တွင်းဘက်က ခေါင်းဆောင်တွေနဲ့လည်း ချိတ်ဆက်ပြီး လူထုပြန်လည်နေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒုက္ခသည်စခန်းများ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် လူသစ်ဦးရေသည် စခန်းဟောင်းနေ ဒုက္ခသည်ဦးရေထက် ထက်ဝက်ကျော် ပိုမိုများပြားနေကြောင်း စောပွယ်စေးက ဖြည့်စွက်ပြောကြားသည်။

ထိုင်းအစိုးရ၏ အဆိုပါကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ထမ့်ဟင်ဒုက္ခသည်စခန်းတွင် စတင်စမ်း သပ်ဆောင်ရွက်လျက်ရှိပြီး လူဦးရေ ၃၀၀ ကျော်ကို ထုတ်ပေးပြီးဖြစ်သည်။ ကျန်ရှိနေသည့် ဒုက္ခသည်စခန်းများတွင်မူ လာမည့် ဩဂုတ်လမှစတင်၍ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

စခန်းအတွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုနှင့် ပတ်သက်၍လည်း ကရင် အရပ်ဖက်အဖွဲ့အစည်းများက ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် စခန်းတွင်းနှင့် အနီးဝန်းကျင်၌ အလုပ်အကိုင်များ ဖန်တီးပေးရန် တောင်းဆိုမှုများ ပြုလုပ်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခုတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းအရ ဒုက္ခသည်ဦးရေ ၈၀,၀၀၀ ခန့်ရှိသည်။ နယ်စပ်ဒုက္ခသည်များအား ရိက္ခာ ထောက်ပံ့နေသည့် The Border Consortium (TBC) ၏ စာရင်းအရ ၁၀၄,၀၀၀ ကျော်ရှိနေသည်။

ထိုသို့ ဦးရေကွာဟမှုရှိခြင်းမှာ UNHCR စာရင်းတွင် မပါဝင်သေးသည့် လူသစ်များကို စခန်းကော်မတီမှ လက်ခံထားပြီး TBC က ရိက္ခာပံ့ပိုးပေးနေရသောကြောင့်ဖြစ်သည်။

သို့သော် ၂၀၂၆ ခုနှစ်မှစ၍ နိုင်ငံတကာအလှူရှင်များ၏ ရန်ပုံငွေ သိသာစွာ ကျဆင်းလာသည့်အတွက် TBC အနေဖြင့် စခန်းနေသူ ၈၀ ရာခိုင်နှုန်းကျော်ကို ရိက္ခာထောက်ပံ့နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် သက်ကြီးရွယ်အို၊ မသန်စွမ်းနှင့် အထူးစောင့်ရှောက်ရန်လိုအပ်သည့် အားနည်းသော လူဦးရေ ၂၀ ရာခိုင်နှုန်းကိုသာ ဆက်လက်ထောက်ပံ့ပေးနိုင်တော့မည်ဖြစ်ကြောင်း TBC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။