Home သတင်း စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်

စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်

233
Photo: CJ

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ယမန်နေ့ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက စစ်အုပ်စု Y12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝတောရွာတစ်ဝိုက်တွင် ယမန်နေ့ ည(၇)နာရီမှ (၈)နာရီဝန်းကျင်ကြား စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး နေအိမ်အချို့လည်း ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

“မနေ့က မနက်ကနေ ညနေအထိတစ်နေကုန် တိုက်ပွဲဖြစ်နေတာ။ ညကျတော့ Y12 နဲ့လာပစ်သွားတာပဲ၊ တရစပ်ပစ်တာ တစ်ခါပစ်(၃)လုံးလောက်နဲ့ ပတ်ပတ်လည်ကို (၂၄)လုံးလောက်ရှိမယ်။ ကျနော်တို့နေရာနဲ့သိပ်မဝေးတော့ ဒီဘက်ကမြေကြီးပါတုန်တယ်။ ပြီးတော့ ဆယ်ဝတောနဲ့ကျွန်းကုန်းမှာ အိမ်တချို့ထိတယ်ကြားတယ်။ လူတွေတော့ဘာမှမဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာ စစ်ရှောင်နေကြတာကို” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်ကတည်းက လက်ရှိလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့သော ပိတောက်ကုန်းရွာ၌ စစ်အုပ်စုတပ် အထိုင်ချထားသလို တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်အနေအထားရှိနေသည်။

၎င်းစစ်အုပ်စုက ဆက်တိုက်မီးရှို့ဖျက်ဆီးမှုကြောင့် ပိတောက်ကုန်းရွာအပါအဝင် ရွာ(၃)ရွာပေါင်း နေအိမ်(၁၀)လုံးထက်မနည်း ပျက်စီးမှုရှိနေပြီး လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံများမှာလည်း ယနေ့ထက်ထိအိမ်မပြန်ရဲဘဲ မိုးထဲလေထဲစစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့သူက ပြောသည်။

အဆိုပါ စစ်ရှောင်ကူက “သူတို့တွေ တောထဲမှာယာယီနေရာလေးတွေ လုပ်ပြီးနေနေရတယ်။ လက်ရှိပါတဲ့မိုးကာလေးတွေနဲ့တချို့ကလည်း ယာယီတဲလေးတွေထိုးပြီးနေကြတယ် ခြင်ကိုက်ဖြုတ်ကိုက်နဲ့။ ကျနော့်ဆီရောက်လာတုန်းက ကျနော် ဆန်(၈)အိတ်ပေးလွှတ်လိုက်သေးတယ်။ ဒီနေ့ထပ်လာဖို့ပြောတာ မနေ့ကတိုက်ပွဲဖြစ်ပြီး လတ်တလောမှာလည်း စစ်တပ်စစ်ကြောင်းလှည့်နေလို့ သူတို့လာမရဘူးလို့ပြောတယ်။” ဟု ကေအိုင်စီကို ပြောသည်။

စစ်တောင်းအရှေ့ဘက် မြစ်ဝှမ်းဒေသရှိကျေးရွာများတွင် ပြီးခဲ့သည့်မေလကုန်ပိုင်းမှစ၍ စစ်အုပ်စုစစ်ကြောင်းများ လှည့်လည်သွားလာမှုရှိသလို နှစ်ဖက်အဖွဲ့ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား၍ စစ်ရေးပြင်းထန်နေခြင်းရှိသည်။

ထိုကာလတစ်လျှောက် စစ်အုပ်စုဘက်မှဒရုန်းအများအပြား လွှတ်တင်တိုက်ခိုက်ခဲ့သော်လည်း Y12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းက ယခု ပထမဆုံးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအချို့က ပြောသည်။

အလားတူ စစ်တောင်းမြစ်အနောက်ဖက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်ထဲတွင်လည်း စစ်အုပ်စုက မြေပြင်အင်အားအများအပြားအသုံးပြု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် နယ်မြေလက်လွှတ်ဆုံးရှုံးရခြင်း ရှိနေကြောင်း သိရသည်။