ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဗြိတိန်နိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ကန့်သတ် သွားမည်ဟု ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က ပြောဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
၎င်း၏ အဆိုပါ ဆုံးဖြတ်ချက်ကို နည်းပညာကုမ္ပဏီများက ကန့်ကွက်လာပါကလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဝန်ကြီးချုပ်က တုံ့ပြန်ထားသည်။
“ကျနော်တို့ရဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံဖို့နဲ့ ပျော်ရွှင်ဖို့အတွက် ဒီဆုံးဖြတ်ချက်အပေါ် ဘယ်လိုမှ ညှိနှိုင်းမှာ မဟုတ်ပါဘူး” ဟု မစ္စတာ စတာမာက ဆိုသည်။
ယူကေအစိုးရ၏ ယခုလုပ်ဆောင်ချက်သည် ကလေးငယ်များအတွက် အွန်လိုင်းလုံခြုံရေး ပိုမို ကောင်း မွန်လာစေရန် ကမ္ဘာတစ်ဝန်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာနေသည့် လှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ယခုကဲ့သို့ အရွယ်မရောက်သေးသူ ကလေးငယ်များအတွက် ဆိုရှယ်မီဒီယာ အသုံးပြုမှု ကန့်သတ်ချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဘရာဇီးလ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ဥပဒေများပြဋ္ဌာန်း၍ ကန့်သတ်ထားပြီးဖြစ်သည်။
ယူကေအစိုးရက အသက် ၁၆ နှစ်အောက် ကလေးငယ်များအတွက် အသုံးပြုခွင့် ကန့်သတ်လိုက်သည့် ဆိုရှယ်မီဒီယာများတွင် TikTok၊ Instagram၊ Facebook၊ X (ယခင် တွစ်တာ)၊ YouTube၊ Snapchat၊ Threads၊ Twitch၊ Kick နှင့် Reddit တို့ ပါဝင်သည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ လန်ဒန်အခြေစိုက် အမေရိကန်သံရုံးကမူ ယခုလုပ်ဆောင်ချက်သည် သဘောထားကျဉ်းမြောင်းပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်သဖြင့် ယူကေနှင့် အမေရိကန်အစိုးရအကြား တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း တုံ့ပြန်ထားသည်။
ထို့အပြင် ယင်းကန့်သတ်ချက်များကြောင့် အမေရိကန် နည်းပညာကုမ္ပဏီများအပေါ် ဝန်ထုပ်ဝန်ပိုးများ ကျရောက်လာမည်ကို စိုးရိမ်မိကြောင်းလည်း အမေရိကန်အစိုးရက လန်ဒန်အစိုးရထံ ပြောဆိုထားကြောင်း သိရသည်။



















