မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန် (တာပေါ) တပ်စခန်း မကျ ရေးအတွက် စစ်အုပ်စုဘက်မှ ပါရာမော်တာ (Paramotor) များ အသုံးပြုကာ ဝေဟင်မှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း မြေပြင်တွင် ထိခိုက်ကျဆုံးမှု များပြားလျက်ရှိသည်ဟု နယ်မြေခံတာဝန်ရှိထံမှ သိရသည်။
အဆိုပါ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားရာမှ တိုက်ပွဲများ ဆက်လက်ပြင်း ထန်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုဘက်မှ ပါရာမော်တာများကို အသုံးပြုကာ အင်အားဖြည့်တင်းခြင်းနှင့် ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ကေအဲန်ယူ တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက“ စစ်တပ်ကတော့ အကျအဆုံး၊ အထိအခိုက်တော်တော်များနေပြီ။ စစ်ကူတက်လာတဲ့ စစ်ကြောင်းလည်း ထိခိုက်သေဆုံး တာအများကြီး ပါပဲ။ စခန်းမှာ ဒဏ်ရာရတဲ့ သူတွေကိုလည်း လေယာဉ်နဲ့ လာကယ်ထုတ်မယ်လို့ ကြားတယ်၊ အယောက် ၃၀၊ ၄၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒီအထဲမှာ ရာထူးကြီးတဲ့သူတွေတောင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်းနှင့် စက်တပ်လေထီး (Paramotor) များကို အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝင်းတာပန်ကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့ရသည်ဟု တပ်မဟာမှူးက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီးနောက် ဝင်းတာပန်စခန်းသို့ စစ်ကူလာသည့် စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာတွင် ဒုတပ်ရင်း မှူးတစ်ဦး အပါအဝင် (၂၄) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အထူးတိုင်းစစ်ဌာနကလည်း မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၂၅ ဦးထက်မနည်း သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သလို လက်နက် မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက်နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝင်းတာပန်စခန်းသည် ပိန္နဲတောဗျူဟာကုန်းအတွက် အချက်အချာကျသော နေရာဖြစ်သောကြောင့် စစ်အုပ်စုသည် ၎င်းတို့လက်လွတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်ရရှိရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
လက်ရှိတွင် ဝါးဘိုးတောနှင့် ပိန္နဲတောဘက်မှ စစ်ကြောင်းများအပြင် ဗိုလ်ဘိဦးစီးသည့် DKBA အဖွဲ့ကပါ စစ်ကောင်စီဘက်မှ စစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။
ဝင်းတာပန်ရွာခံ အမျိုးသားတစ်ဦးက “စစ်တပ်အင်အားကတော့ ရွာထဲမှာ ရာနဲ့ချီရှိလောက်တယ်။ တောင်ခြေမှာလည်းရှိတယ်။ သူတို့အင်အားတွေ ထပ်တိုးလာတာရှိတယ်။ စခန်းနား ပတ်ဝန်းကျင်မှာလည်း ရှိတယ်။ ရွာထဲမှာကော တောင်ခြေတွေကော အကုန်လုံး ၃၀၀၊ ၄၀၀ လောက်ရှိနိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစတင်၍ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ ရွာမှ အမျိုးသမီး ၆,၀၀၀ ကျော် အပါအဝင် စုစုပေါင်းဒေသခံတစ်သောင်းကျော်မှာ ယနေ့အချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း KNU ဒူးသထူခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။



















