မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ထိုင်းအစိုးရတာဝန်ရှိသူများ၊ ၊ အရပ်ဘက်အဖွဲ့အစည်းများ (NGOs/CBOs) နှင့် ရွှေ့ပြောင်းသင်ကြားရေးစင်တာ (MLC) မှ တာဝန်ရှိသူများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကြာမီ ကာလအတွင်း ရွှေ့ပြောင်းစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ထိုင်းအစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာ လမ်းညွှန်ချက်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး သင်ကြားရေးစင်တာများနှင့် အဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ထို့အပြင် ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီရရှိစေရေးနှင့် အဖွဲ့အစည်းအချင်းချင်းကြား သတင်းအချက်အလက် မျှဝေမှု အားကောင်းလာစေရေးတို့ကိုလည်း ကဏ္ဍအလိုက် ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ အထောက်ကူပြုအဖွဲ့ (MHS) ဒါရိုက်တာ ကိုမျိုးမင်းပိုင်က” ထိုင်းအစိုးရဘက်က လက်ရှိ MECC ( Migrant Education Coordination Center) ခွင့်ပြုထားတဲ့ ရွှေ့ပြောင်းကျောင်း ၆၂ ကျောင်းကို ဆက်ပြီး ပံ့ပိုးသွားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်းရှိ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကိုတော့ လိုက်နာရမယ်လို့ တိတိကျကျ ပြောပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို ရွှေ့ပြောင်းကျောင်းများအနေဖြင့် လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လည်းကောင်း လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း ကိုမျိုးမင်းပိုင်က ဖြည့်စွက်ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ NGOs၊ CBOs အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းသင်ကြားရေးစင်တာ (MLCs) ကျောင်းများမှ တာဝန်ခံများ အသီးသီး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ယခုလို တွေ့ဆုံ ပူးပေါင်းဆွေးနွေးခြင်းသည် ရွှေ့ပြောင်းကလေးငယ်များအတွက် အရည်အသွေးမြင့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုရရှိစေရန် အထောက်အကူပြုလာနိုင်သလို အဖွဲ့အစည်းအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုခိုင်မာလာစေနိုင်ကြောင်း အစည်းအဝေး တက်ရောက်လာသူများက သုံးသပ်ပြောဆိုကြသည်။



















