မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၏ (၂) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပပြုလုပ်ပြီး မြို့နယ်အလုပ်အမှုဆောင် (၄) ဦးနှင့် တရားသူကြီးများကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။
ကော်သူးလေအုပ်ချုပ်နယ်မြေ တစ်နေရာတွင် ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်နေ့အထိ (၅) ရက်ကြာ ကွန်ဂရက်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်တွင် ပဒိုစောဆဲဂေး (ဥက္ကဌ)၊ ဒုတိယဗိုလ်မှူးကြီး စောဒါးဘူး (ဒု-ဥက္ကဌ)၊ ပဒိုနော်ဝါးဝါး (အတွင်းရေးမှူး)၊ ပဒိုစောစဲမာ (တွဲဘက်အတွင်းရေးမှူး) စသည့် မြို့နယ်ခေါင်းဆောင် ၄ ဦးနှင့် ပဒိုစောရိုစီ (မြို့နယ်တရားသူကြီး) တို့ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး မြို့နယ်အမြဲတမ်းကော်မတီဝင် စုစုပေါင်း ၃၁ ဦးကိုလည်း ရွေးချယ်ခဲ့ကြသည်။
ထို့အပြင် ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာန တာဝန်ခံအဖြစ် ပဒိုစောကော်အား၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန တာဝန်ခံ ပဒိုစောနေးကလဲ၊ လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ခံ ပဒိုစောကားကား၊ သစ်တောဌာန တာဝန်ခံ ပဒိုစောစဲမာ၊ အခွန်နှင့် ဘဏ္ဍာရေးဌာန တာဝန်ခံ ပဒိုစောဒါးအယ်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန တာဝန်ခံ ပဒိုစောကယ်၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဌာန တာဝန်ခံ ပဒိုစောဘော့ကစယ်နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တာဝန်ခံ ဗိုလ်ကြီးစောပီတို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဂရက်သို့ မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဖလို့စိုးဝင်း၊ ခရိုင်အမြဲတမ်းကော်မတီဝင် ဗိုလ်ကြီးစောစိုးမူးဝင်း၊ ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO) ဒုဥက္ကဌ ပဒိုနော်သူးလေးဖောနှင့် ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဒုဥက္ကဌ ဆရာမနော်အယ်ဆိုးတို့အပြင် လယ်ကဆောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက်အတွင်း ပြီးခဲ့သည့် ၄ နှစ်တာကာလ မြို့နယ်အစီရင်ခံစာနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် အတည်ပြုခဲ့ကြသလို ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့ကြသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။



















