Home သတင်း ထိုင်းမွေးစာရင်းအတုဖြင့် စာရင်းသွင်းထားသူ ၅၀ ကို စစ်ဆေးတွေ့ရှိ၊ အထောက်အထားများ ပြန်လည်ရုပ်သိမ်း

ထိုင်းမွေးစာရင်းအတုဖြင့် စာရင်းသွင်းထားသူ ၅၀ ကို စစ်ဆေးတွေ့ရှိ၊ အထောက်အထားများ ပြန်လည်ရုပ်သိမ်း

421
Photo: Bangkok Post

မေလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရချဆီမာခရိုင်တွင် အစိုးရဝန်ထမ်းနှင့် တရုတ်နိုင်ငံသားများ ပူးပေါင်းကာ မွေးစာရင်းရရှိရန် တုပစာရင်းသွင်းထားသော အထောက်အထား ၅၀ ကျော်ကို စစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်များက ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။

အစိုးရဘက်က အထောက်အထားပယ်ချခံထားရသူများအနေဖြင့် အချက်အလက်မှန်ကန်လျှင် ၁၅ ရက်အတွင်း အယူခံဝင်နိုင်ပြီး သတ်မှတ်ရက်အတွင်း တရားရုံးမလာနိုင်ပါက အထောက်အထား တရားဝင်ဆုံးရှုံးမည်ဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားသော နခွန်ရချဆီမာ၊ ကိုရတ် (Korat) ခရိုင်ခွဲ မြို့ဝန် ကစ်တစ်ပွန် ပွန်ဆူရာဝတ်က ထိုင်းနိုင်ငံသားဖြစ်တည်မှုကို တလွဲအသုံးပြုသော အခြေအနေများကို တားဆီးရန်ဖြစ်ပြီး ထိုင်းအရှေ့ မြောက်ပိုင်းခရိုင်အတွင်းက သံသယဖြစ်ဖွယ်ကောင်းသော မွေးစာရင်းအတုပြုလုပ်မှုများအတွက် ပထမခေါင်းလောင်းသံဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နောက် ဒေသအတွင်း မွေးစာရင်းကိစ္စများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအများအပြား လုပ်လာနိုင်သည်ဟုလည်း သုံးသပ်ပြီး မွေးစာရင်းအချက်အလက်များနှင့် နေထိုင်မှုကို သက်သေပြနိုင်ပါက ယင်းတို့၏ အခွင့်အရေးများကို ပြန်လည်ရရှိနိုင်သည်။

လွန်ခဲ့သော စနေနေ့က နခွန်ရချဆီမာခရိုင်အတွင်း တရုတ်နိုင်ငံသား ၁၀ ဦးအတွက် မွေးစာရင်းအတုပြုလုပ်ရန် အိမ်လိပ်စာလွှဲပြောင်းပေးသူ အစိုးရဝန်ထမ်း ၃ ဦးလည်း ထိန်းသိမ်းခံရသည်။

ထိုင်းနိုင်ငံအတွင်း မွေးစာရင်းအတုပြုလုပ်သော အလားတူဖြစ်စဉ်များသည် ဘန်ကောက်မြို့တွင်လည်း ပေါ်ထွက်လာခဲ့ပြီး ပါဝင်ပတ်သက်သူ ၆ ဦး ထိန်းသိမ်းခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ကိုးကား-ဘန်ကောက်ပို့စ်