Home သတင်း လယ်ဒိုတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက်စီး

လယ်ဒိုတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက်စီး

438
Photo: KNU

မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်း စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့် နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။

လယ်ဒိုမြို့နယ်အတွင်း မေလ ၂ ရက်နှင့် ၃ ရက်နေ့များ၌ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးဖြင့် (၂၀) ကြိမ်နှင့် ဒရုန်းဖြင့် (၃၆) ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ မေလ ၂ ရက်နေ့တွင် စစ်အုပ်စုတပ် ခြေလျင်တပ်ရင်း (ခလရ -၂၆၄) တပ်ရင်းမှ ကြိတ်ကွင်းကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံများဖြစ်ကြသည့် စောလှဖိုး၊ စောညိုဦးနှင့် စောဘိုတင်မြင့်တို့၏ နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့သည်။

Photo: KNU

မေလ ၃ ရက်နေ့တွင်လည်း စစ်အုပ်စု၏ ဂျက်ဖိုက်တာတစ်စီးသည် ထီးဒေါ်လေးနေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောလိုက်ထွက်နေသည့် တုံးတံတားရွာသား စောလှဝင်း (၅၆ နှစ်) တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် တောင်ခင်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ကျေးရွာဘုန်းကြီးကျောင်း အနည်းငယ် ထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

စစ်အုပ်စုသည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲနှင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ကေအဲန်ယူက ဝေဖန်ထောက်ပြထားသည်။