Home သတင်း နိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို အထူးစီမံချက်ဖြင့် စစ်ဆေးရန် ထိုင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား

နိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို အထူးစီမံချက်ဖြင့် စစ်ဆေးရန် ထိုင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား

449
Photo: Bangkok Post

မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းနိုင်ငံခြားသား အလုပ်သမားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစီမံချက်နှင့် စစ်ဆေးသွားရန် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိ အထောက်အထား စာရွက်စာတမ်းအပြင် လုပ်ကိုင်နေ သည့် အလုပ်အကိုင် အမျိုးအစား မတူညီခြင်းနှင့် ကန့်သတ်ထားသော အလုပ်အကိုင်များတွင် ဝင်ရောက် လုပ်ကိုင်နေခြင်း ရှိ၊ မရှိကို စစ်ဆေးသွားရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ဝန်ကြီး Mr. Julapun Amornvivat က အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန (DOE) ကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့က ဆူရတ်ထာနီခရိုင်၊ ကိုဖငန်းကျွန်းရှိ ကလေးထိန်းကျောင်းတစ်ခုကို စစ်တပ်၊ ရဲနှင့် လဝက ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာတွင် ဥပဒေချိုးဖောက်မှုများ တွေ့ရှိခဲ့ပြီးနောက် ယခုလို အထူးစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာအလုပ်သမားတွေအနေနဲ့ အစစအရာရာ သတိထားရတော့မှာပေါ့။ စာရွက်စာတမ်းမရှိသူလည်း ဖမ်းမယ်။ စာရွက်စာတမ်းရှိသော်လည်း အလုပ်မတူ၊ သူဌေးမတူ၊ အလုပ်ကိုင်တည်နေရာမတူ အဲ့ဒါတွေလည်း ဖမ်းမယ်လို့ သတိပေးလိုက်တယ်ဆိုတော့ တစ်ကိုယ်လုံး ကျိန်းစပ်ကြရပြီပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိဘဲ လုပ်ကိုင်နေသူ သို့မဟုတ် ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ကိုင်နေသူများ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ရိုက်ခံရမည့်အပြင် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်သည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ၂ နှစ်အတွင်း ထိုင်းနိုင်ငံတွင် Work Permit ပြန်လည်လျှောက်ထားခွင့်ကိုပါ ပိတ်ပင်ခံရမည် ဖြစ်သည်။

“အခုက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်တွေက မကောင်းတဲ့အခါကျတော့ ဘတ် (စာရွက်စာတမ်း) တွေကို မလုပ်နိုင်တဲ့လူတွေလည်း ရှိတယ်လေ။ ဟိုအရင်ကလို ရပ်ရွာတွေမှာ တစ်အိမ်တက်ဆင်း လာပြီး စစ်ဆေးခဲ့မယ်ဆိုလို့ရှိရင်တော့ အဖမ်းခံရနိုင်မယ့်လူ တော်တော်များများရှိမယ်” ဟု မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မဇင်မာအောင်က ပြောသည်။

အလားတူ တရားမဝင် အလုပ်သမားခန့်ထားသည့် အလုပ်ရှင်များကိုလည်း အလုပ်သမား တစ်ဦးချင်းစီအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်မည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဖြစ်စေ ပြစ်ဒဏ်ချမှတ်ကာ ၃ နှစ်အတွင်း နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခုလို အထူးစစ်ဆေးခြင်းသည် နိုင်ငံခြားသားအလုပ်သမားများနှင့် လုပ်ငန်းရှင်များကို ဥပဒေအတိုင်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန်နှင့် ဥပဒေအကြောင်း နားလည်သဘောပေါက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။