Home သတင်း မဲဆောက်ရှိ ဘုန်းကြီးကျောင်းအချို့ကို ထိုင်းအာဏာပိုင်များ ရှောင်တခင် ဝင်ရောက်စစ်ဆေး

မဲဆောက်ရှိ ဘုန်းကြီးကျောင်းအချို့ကို ထိုင်းအာဏာပိုင်များ ရှောင်တခင် ဝင်ရောက်စစ်ဆေး

477

မေလ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တောင်ဘက် မဟာဝပ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအချို့ကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့က ယမန်နေ့ (မေလ ၂၈ ရက်) တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများအတွင်း သီတင်းသုံးနေထိုင်သည့် ထိုင်းနိုင်ငံသားမဟုတ်သော ရဟန်း သံဃာတော်များအနေဖြင့် တရားဝင် အထောက်အထား ရှိ၊ မရှိကို အဓိကထား ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Mae Sot Media ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် မဟာဝပ်ကျေးရွာအုပ်စုအတွင်းရှိ ‘တမာန်မဟာဝပ်’ ဘုန်းကြီးကျောင်းနှင့် ‘သံဃာ့အနွယ်ဝင်’ ကျောင်းတို့ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းပြီး ဖမ်းဆီးခံရသူ ရှိမရှိကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ စစ်ဆေးမှုတွင် နယ်မြေခံရဲတပ်ဖွဲ့၊ သံဃာ့နာယကဦးစီးဌာန၊ မဲဆောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာ့ခ်ခရိုင် ဗဟိုလုံခြုံရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (လဝက) နှင့် ကျေးရွာအုပ်စု သံဃာ့နာယကတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

Photo: Mae Sot Media

ယခုကဲ့သို့ ဘုန်းကြီးကျောင်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရခြင်းမှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ရဟန်းသံဃာတော်များတွင် တရားဝင်အ ထောက်အထား ရှိ၊ မရှိကို စိစစ်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ထို့အပြင် ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသအတွင်း သံသယဖြစ်ဖွယ်ရှိသည့် လူပုဂ္ဂိုလ် သို့မဟုတ် ရဟန်းသံဃာများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားကြရန် သတိပေးနှိုး ဆော်ထားကြောင်း Mae Sot Media တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်စပ်တစ်လျှောက် တရားမဝင် ခိုးဝင်မှုများနှင့် တရားမဝင်လုပ်ငန်းများအားလုံးကို တားဆီးနှိမ်နင်းနိုင်ရန်အတွက် ၂၄ နာရီပတ်လုံး လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (Tak Immigration) ကလည်း သတင်းထုတ်ပြန်ထားသည်။