Home သတင်း လယ်ဒိုမြို့နယ်တွင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

လယ်ဒိုမြို့နယ်တွင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

593
Photo: KNU

မေလ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (မေလ ၂၉ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ လည်ပိုင်းတွင် လယ်ဒိုမြို့နယ်အခြေစိုက် စစ်အုပ်စု၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄ ) တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံးကို ပစ်ခတ်ခဲ့ရာ ကျွန်းကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

၎င်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျွန်းကြီးရွာမှ စောနေကော်ထူး (၅၂ နှစ်)၊ စောစိန်ဝင်း (၆၁ နှစ်) နှင့် နော်အယ်လွဲ (၃၆ နှစ်) တို့ ၃ ဦးတွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ဒေသခံများဖြစ်ကြသည့် စောစိန်ဝင်း၊ ဦးလွမ်းမိုးအောင် နှင့် ဦးစိန်ကြီး တို့၏ နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်အုပ်စုသည် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်ဟု သိရသည်။ ထိုသို့ ထိုးစစ်ဆင်မှု လုပ်ဆောင်သည့် တချိန်တည်းတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းလိုင်းများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူလူထုမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်နေကြရသည်ဟု ကေအဲန်ယူက ပြောသည်။

Photo: KNU