Home Facts Checking News ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကွယ်လွန် သည်ဆိုသည့်သတင်းအမှား

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကွယ်လွန် သည်ဆိုသည့်သတင်းအမှား

1449

မေ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ (ကေအိုင်စီ/The Red Flag/MFCN)

စစ်တပ်အာဏာမသိမ်းခင်က ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နန်းခင်ထွေးမြင့်မှာ အချုပ်ထောင်မှတဆင့် ရောဂါကုသရင်း ဆေးရုံပေါ်တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း စစ်အုပ်စုလော်ဘီချန်နယ်များက မေလ(၇)ရက်နေ့တွင် ဝါဒဖြန့်သတင်းအမှားဖြန့်ချိနေကြသည်။

ထိုသို့ ဖြန့်ဝေထားသောအကြောင်းအရာကို ကိုးကားပြီး မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနကလည်း ၎င်း၏လှုမှုကွန်ရက်တွင် “NLD လက်ထက်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့် နေထိုင်မကောင်းသဖြင့် ဖားအံဆေးရုံ၌ တက်ရောက်ကုသခဲ့အပြီး အချုပ်ထောင်အတွင်း ကွယ်လွန်သွားခြင်းဖြစ်သည်” ဟု ဆိုကာ အွန်လိုင်းပေါ်တွင်ပေါက်ကြားလာသည့် ဆေးကုသနေသော ဝန်ကြီးချုပ်၏ပုံနှင့်တကွ သတင်းရေးသား ထားသည်ကိုတွေ့ရသည်။

စစ်တပ်လော်ဘီ Min Din နှင့် Ye Yint Htet တယ်လီဂရမ်ချန်နယ်များတွင်လည်း ထိုသတင်းနှင့်အလားတူ နန်းခင်ထွေးမြင့် ကွယ်လွန်ကြောင်း ရေးသားဖော်ပြနေကြသည်။

Voice of Myanmar – https://archive.ph/wip/5EPyf
Ye Yint Htet – https://archive.ph/LQBSV
Min Din – https://archive.ph/m5Hdx

အဆိုပါသတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီက အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်သည်ကိုတွေ့ရှိရသည်။

အချက်အလက်စစ်ဆေးချက်
Google တွင် “ကရင်ပြည်နယ်ဝန်ကြီးချုပ်” “ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်” စသည့် Keyword များဖြင့်ရှာဖွေ စစ်ဆေးကြည့်ရာ စစ်အုပ်စုကနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော နန်းခင်ထွေးမြင့်သည် အာရုံကြော၊ အစာအိမ် စသည့်ရောဂါများဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဖားအံဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေသော မီဒီယာများ၏ သတင်းဖော်ပြချက်ကို တွေ့ရသည်။
RFA သတင်းဌာန၏ဖော်ပြချက်တွင် မေလ(၅)ရက်နေ့အစောပိုင်းကတည်းက ဆေးရုံဆင်းခဲ့အပြီး လိုအပ်သည့်ဆေးကုသမှုကို ထောင်ထဲတွင်ဆက်လက်ခံယူနေသည်ဟု ဆိုသည်။

RFA – https://shorturl.at/o7Y81

DVB သတင်းဌာနကလည်း ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ဖားအံဆေးရုံတွင် ဆေးကုသမှုခံယူစဥ်က ပေါက်ကြားလာသည့်ရုပ်သံမှတ်တမ်းများဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း လှုမှုကွန်ရက်တွင် သတင်းအမှားများဖြန့်နေခြင်းဖြစ်သည်။ ဝန်ကြီးချုပ်မှာ ဆေးရုံကဆင်းပြီးနောက် လက်ရှိ ထောင်အတွင်း ကျန်းမာရေးကောင်းမွန်စွာ ရှိနေသည်ဟု အချက်အလက်စစ်ဆေးဖော်ပြခဲ့သည်။

DVB – https://shorturl.at/QIrDR

၎င်း ဆေးကုသမှုခံယူခဲ့သည့် ဧပြီ(၂)ရက်နေ့မှ(၈)ရက်နေ့အတွင်း ပေါက်ကြားခဲ့သော ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး တာဝန်ကျဝန်ထမ်းများ၊ သူနာပြုများနှင့် ဝန်ကြီးချုပ်၏မိသားစုဝင်တချို့ကို စစ်အုပ်စုဘက်က ခေါ်ယူစစ်ဆေးခဲ့ကြောင်းကိုလည်း ကေအိုင်စီအနေဖြင့် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

KIC – https://shorturl.at/tTA7W

ဆက်လက်၍ ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ကွယ်လွန်ကြောင်း သတင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်၏ မိသားစုအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းအမှားဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံတက်တာက (၄)လပိုင်းတုန်းကပါ။ အခုလက်ရှိက သူ့ကျန်းမာရေးကောင်းတယ်၊ ဘာမှမဖြစ်ဘူး။ ဆုံးသွားပြီဆိုတာလည်း မဟုတ်ဘူးနော်၊ သတင်းအမှားပါ” ဟု နီးစပ်သူတစ်ဦးက ကေအိုင်စီကို အတည်ပြုပြောသည်။

ယမန်နေ့ မေလ(၇)ရက်နေ့က BBC သတင်းဌာနတွင် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကွယ်လွန်ကြောင်းမှာ သတင်းအမှားဖြစ်သည်ဟု သူမ၏ရှေ့နေဦးအောင်သိန်းနှင့် မိသားစုဝင်နီးစပ်သူတွေကို မေးမြန်းဖော်ပြခဲ့ပြီးဖြစ်သည်။

BBC – https://shorturl.at/VVlYm

အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ ထောင်ဒဏ် နှစ် ၇၀ ကျော်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ကွယ်လွန်ကြောင်း ကို စစ်အုပ်စုလော်ဘီချန်နယ်များက ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါသုံးသပ်သူက “ဒေါ်နန်းခင်ထွေးမြင့်ကိုလေးစားတဲ့သူတွေ စိတ်သောကရောက်ပါစေဆိုတဲ့ သဘောထားပေါ့။ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတစ်မျိုးပါ။ ဒီမိုကရေစီလိုလားသူတွေ‌ ဒီမိုကရေစီကိုရှေ့ဆောင်ခဲ့ကြတဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့လို့လူတွေရဲ့ ဩဇာနဲ့လုပ်ပိုင်ခွင့်ကို ကြောက်လို့ သူတို့ဒီလိုဝါဒဖြန့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

သုံးသပ်ချက်
စိစစ်ချက်များအရ ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ကွယ်လွန်သည်ဟုဆိုကာ ဖော်ပြလာသည့် ဓာတ်ပုံနှင့်ရုပ်သံမှတ်တမ်းမှာလည်း ၎င်းဆေးရုံတက်နေစဥ်က ပေါက်ကြားလာခြင်းဖြစ်ပြီး ၎င်းသေဆုံးသည့်သတင်းမှန်ကန်ကြောင်း သက်သေပြနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့်ဧပြီလပိုင်းအတွင်း ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ကျန်းမာရေးမကောင်းမွန်သဖြင့် ဖားအံမြို့ တောင်ကလေးအကျဥ်းထောင်မှ ဖားအံဆေးရုံကြီးသို့ ဆေးကုသမှုသွားရောက်ခံယူခဲ့ရခြင်း မှန်ကန်သော်လည်း ၎င်းနှင့်နီးစပ်သူများ၊ သတင်းအရင်းအမြစ်များနှင့်တိုက်ဆိုင်စိစစ်ချက်အရ ဆေးရုံဆင်းပြီးနောက် ထောင်အတွင်း ကွယ်လွန် ဆိုသောသတင်းသည် လုပ်ကြံဖန်တီး ထားသော သတင်းအမှားဖြစ်သည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork