မေလ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ ကမမောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုဘက်မှ စစ်အင်အား ထောင်နှင့်ချီ၍ ဖြည့်တင်းလာပြီး ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဖားအံမြို့မှတစ်ဆင့် လှိုင်းဘွဲ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း အင်အား ၂,၀၀၀ နီးပါးရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၁၀ ဘီးကား အစီး ၅၀ ခန့်ဖြင့် ကမမောင်းဘက်သို့ တက်လာခြင်း ဖြစ်သည်။
၎င်းစစ်ကြောင်းတွင် တပ်မ (၅၅) နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၂)မှ တပ်မှူးများ ပါဝင်သည်ဟု နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
“တက်လာတာ ၃ ရက်လောက်ရှိပြီ။ သေတ္တာနဲ့ ပစ္စည်းတွေလည်း အများကြီးပါတယ်။ ၁၀ ဘီးကားနဲ့ လက်နက်ခဲယမ်းတင်တဲ့ကား အစီး ၅၀ နီးပါးလောက်ရှိမယ်။ အင်အားကတော့ ၂,၀၀၀ လောက်ရှိမယ် ထင်တယ်။ ပထမရက်က ၅၀၀ ကျော် နောက်ရက်မှာ ၁,၀၀၀ ကျော်လောက် ထပ်ရောက်လာတာ” ဟု KNLA စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။
မြိုင်ကြီးငူဘက်တွင်လည်း မေလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် စစ်အင်အားဖြည့်တင်းမှုများ ရှိခဲ့ ပြီး ယမန်နေ့တွင် လေယာဉ် ၃ စင်းခန့် ဝဲပျံမှုများရှိသည်ဟု အဆိုပါ သတင်းအရင်းအမြစ်က အဆိုပါ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့မှာ အရပ်သားဝတ်စုံဖြင့် ဖားအံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ တပ်အပြောင်းအလဲ လုပ်နေခြင်းလည်း ရှိနိုင်ကြောင်း ဆိုသည်။
” ကျနော်ထင်တာ သူတို့ ဖာပွန်ကို ပြန်ရဖို့ လုပ်တာလည်း ဖြစ်နိုင်တယ်။ မနေ့က လေယာဉ် ၃ စင်းတောင် တက်သွားသေးတယ်။ အခုတက်လာတာက စစ်တပ် သီးသန့်ပဲ။ သူတို့ စစ်ကူ မပို့နိုင်ရင်တော့ ဖာပွန်မှာရှိတဲ့ သူတို့လူတွေ လက်နက်ချဖို့ အစီအစဉ်ရှိတယ်လို့ ကြားမိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်များ ကမမောင်းမြို့သို့ အင်အားဖြည့်တင်းလာမှုကြောင့် ဒေသတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း စစ်ရေး အသင့်အနေအထားဖြင့် စောင့်ကြည့်ကာ နှစ်ဖက်စစ်ရေး တင်းမာလာမှုများ ရှိလာနိုင်ကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ကေအဲန်ယူ တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက “ကမမောင်းဘက်မှာဆိုရင် ဒေသခံတွေ ပြောတာက အင်အား ထောင်နဲ့ချီလောက် ရှိတယ်။ လူသစ်တွေလည်း ပါတယ် ကြားတယ်။ တပ်မဟာ ၁ နဲ့ တပမဟာ ၅ ဘက်ကိုသွားဖို့ ရှိတယ် သိရတယ်။ ကျနော်တို့ဘက်ကလည်း အသင့်အနေအထားပြင်ပြီး နေရတယ်ပေါ့နော် ” ဟု ပြောသည်။
မူတြော်ခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ပြီး လတ်တလောအချိန်ထိ စစ်အုပ်စု၏ အဓိကစခန်းထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖာပွန်ဗျူဟာကို KNLA ဘက်က သိမ်းနိုင်ရန် ပိတ်ဆို့တိုက်ခိုက်လျက် ရှိသည်။



















