ဧပြီ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ခလယ်လွီထူခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် နှစ်ဟောင်းမှနှစ်သစ်ကူးပြောင်းသည့် အတာသင်္ကြန်ကာလအတွင်း စစ်အုပ်စု၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၆၀၂)ဦးဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်သည်။
ကေအဲန်ယူ၏ ယနေ့ ဧပြီလ(၁၇)ရက်၊ နှစ်ဆန်းတစ်ရက်နေ့ ထုတ်ပြန်ချက်အရ ဝါကေဒဲ၊ လယ်ဆူခို၊ ကိုထာနှင့် ကဒူးမူဒဲရွာ အနီးနားဝန်းကျင်တစ်ဝိုက် စစ်အုပ်စုကလေကြောင်းတိုက်ခိုက်ခြင်းကြောင့် အိမ်ထောင်စု(၈၄)စုမှ လူဦးရေစုစုပေါင်း(၆၀၂)ဦးဝန်းကျင်မှာ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။
“အဲဒါတောင်ပေါ်မှာရှိတဲ့ရွာတွေလေ၊ ဒီဘက်မှာတော့ လေယာဥ်က နေ့တိုင်းသွားကြဲနေတာ။ တိုက်ပွဲမရှိဘူး၊ မရှိလည်းသွားလုပ်တာပဲ။ အခါကြီးရက်ကြီးလည်းမရှောင် သူတို့လုပ်နေကျပဲဆိုတော့ သိပ်တောင်မထူးဆန်းတော့ပါဘူး။” ဟု လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်ဒေသခံအမျိုးသားတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။
ထို့အပြင် ကေအဲန်ယူဘက်က ဓာတ်ပုံမှတ်တမ်းများအရ လေယာဥ်ဗုံးကြဲမှုအတွင်း နေအိမ်များထိခိုက်ပျက်စီးမှုလည်းရှိပြီး အချို့အိမ်များက လုံးဝပျက်စီးဆုံးရှုံးသွားသည်။

လတ်တလော ဒေသခံစစ်ရှောင်(၆၀၀)ကျော်မှာလည်း လေကြောင်းရန်ကြောင့် စစ်ဘေးရှောင်နေရသည့်အခြေအနေရှိနေသည်။ ၎င်းတို့အတွက် အရေးပေါ်စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည်ဟု ကေအဲန်ယူက ဆိုသည်။
ပြီးခဲ့သည့်မတ်လအတွင်းကလည်း ခလယ်လွီထူခရိုင်၌ လေကြောင်းအန္တရာယ်အပါအဝင် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ(၄၄)ဦးသေဆုံးပြီး နေအိမ်၊ ဘာသာရေးနေရာနှင့်စာသင်ကျောင်းအပါအဝင် အဆောက်အအုံပေါင်း (၃၉)လုံး ပျက်စီးဆုံးရှုံးထားသည်။
ထို့အတူ တပ်မဟာ(၃)နယ်မြေအပြင် အခြားကေအဲန်ယူ တပ်မဟာထိန်းချုပ်နယ်မြေများတွင်လည်း အများပြည်သူ အားလပ်ရက်အပန်းဖြေအနားယူချိန်၊ အခါကြီးရက်ကြီးကာလတစ်လျှောက်လုံး စစ်အုပ်စုက လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းရှိခဲ့ကြောင်း ကေအဲန်ယူအပါအဝင် ဒေသခံများထံမှစုံစမ်းသိရသည်။



















