Home သတင်း ဝေါလေတွင် လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ဖြစ်ပွား၊ ကလေး(၂)ဦးအပါအဝင် ဒေသခံ(၄)ဦးထပ်မံဒဏ်ရာရ

ဝေါလေတွင် လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ဖြစ်ပွား၊ ကလေး(၂)ဦးအပါအဝင် ဒေသခံ(၄)ဦးထပ်မံဒဏ်ရာရ

344
Photo: CJ

ဧပြီ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စု၏လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ ဧပြီလ(၂၂)ရက်က ထပ်မံ၍လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဝေါလေ ဒေသတွင်းသတင်းများအရ သိရသည်။

မတ်လအကုန်ပိုင်းမှစ၍ စစ်အုပ်စု၏ ဝေါလေဗျူဟာကုန်းအနီးတစ်ဝိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခြင်းရှိပြီး စစ်အုပ်စုက လူနေရပ်ကွက်များဘက် လက်နက်ကြီးပစ်ခတ်မှု ခပ်စိတ်စိတ်လုပ်ဆောင်လာခြင်းဖြစ်သည်။

ယနေ့ မနက်(၆)နာရီဝန်းကျင်တွင် တစ်ကြိမ်၊ (၁၁)နာရီခန့်တစ်ကြိမ် စစ်အုပ်စု၏လက်နက်ကြီးလေးလုံးမှာ ဝေါလေမြို့ပေါ်ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ကျည်စထိမှန်မှုကြောင့် အသက်(၇)နှစ်အရွယ်ရှိ ယောင်္ကျားလေး(၂)ဦးနှင့် အမျိုးသမီး(၁)ဦး၊ အမျိုးသား(၁)ဦး ဒဏ်ရာအသီးသီးရသွားသည်ဟု ဝေါလေတွင်ရောက်ရှိနေသူက ပြောသည်။

“ကလေးနှစ်ယောက်ကတော့ မနက်(၆)နာရီခွဲလောက်က လက်နက်ကြီးအစထိပြီး ဒဏ်ရာရတာ။ (၁၁)နာရီလောက်မှာလည်း လက်နက်ကြီးကထပ်ပစ်သေးတယ် မိန်းမတစ်ယောက်၊ ယောင်္ကျားတစ်ယောက်ထိတယ်။ ကာမီကာဇေတစ်လုံးကျတာကတော့ မပေါက်သွားဘူး” ဟု ဝေါလေရောက် အမျိုးသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသွားသည့် ကလေးနှစ်ဦးအနက် တစ်ဦးဒဏ်ရာမပြင်းထန်သော်လည်း ကျန်တစ်ဦး၏ နဖူးနှင့် ခြေထောက်တွင် ကျည်စစိုက်မှန်၍ ပြတ်ရှဒဏ်ရာများရရှိသွားသည်။ ထို့အပြင် လက်နက်ကြီးများဆက်တိုက်ကျရောက်နေခြင်းကြောင့် မူလရှိနေသည့်ဒေသခံများ ထိုင်းဘက်ထွက်ပြေးပုန်းရှောင်ကြကြကြောင်းလည်း စစ်ရှောင်များက ဆိုသည်။

Photo: CJ

ဝေါလေမှစစ်ရှောင်နေသူ အမျိုးသမီးက “စစ်တပ်က ဒီမနက် အလုံးကြီးထပ်ပစ်ပြန်ပြီ။ ရပ်ကွက်ဘက်ကို ပစ်စရာဘာအကြောင်းမှ မရှိဘူး။ အခုထိုင်းဘက်အကုန်ရှောင်ကုန်ကြပြီ” ဟု ကေအိုင်စီကို ပြောသည်။

ဧပြီ(၂၀)ရက်နေ့က ဝေါလေမြို့ပေါ်သို့ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုတွင်လည်း ရပ်ကွက်နေ အမျိုးသား(၂)ဦး ထိခိုက်သွားသည့်အပြင် လူနေအိမ်နှင့်ဈေးဆိုင်နေရာများ ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ဝေါလေနေဒေသခံသတင်းအရင်းအမြစ်များမှ သိရသည်။

လက်ရှိပဋိပက္ခဖြစ်ပွားနေသည့် ဝေါလေဒေသသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ရာမတီးမြို့နယ် နယ်မြေအတွင်းရှိ၍ စစ်အုပ်စုလာရောက်အခြေချထားသော စစ်ဗျူဟာကုန်းကို KNLA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဝေါလေဗျူဟာသို့ချဥ်းကပ်မှုအတွင်း အနီးအနားရှိ ကာကင်းစခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်ဝယ်သိမ်းပိုက်ထားနိုင်ပြီး စစ်အုပ်စု၏ ရိက္ခာနှင့်စစ်ကူလမ်းကြောင်း ပိတ်ဆို့မှု ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။