Home သတင်း ကော့ကရိတ်စစ်ရှောင် အိမ်ထောင်စု ၃,၀၀၀ ကျော်အတွက် KNPBC အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့

ကော့ကရိတ်စစ်ရှောင် အိမ်ထောင်စု ၃,၀၀၀ ကျော်အတွက် KNPBC အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့

380
Photo: KNA

ဧပြီလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၃,၀၀၀ ကျော်အတွက် အသစ်ဖွဲ့စည်းထားသည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (Karen National Peace Building Committee-KNPBC) က ယမန်နေ့ ဧပြီလ ၂၁ ရက်တွင် အခြေခံစားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်/တပ်မဟာ (၇)၊ နဘူးမြို့နယ်အတွင်း တိမ်းရှောင်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၃,၀၀၀ ကျော် (လူဦးရေ ၁၉,၀၀၀ ကျော်) အတွက် လိုအပ်လျက်ရှိသော အခြေခံစားနပ်ရိက္ခာ ၇ မျိုးကို KNU/KNLA-PC အဖွဲ့ ထိန်းချုပ်နယ်မြေ၊ ထို့ကော်ကိုးဒေသတွင် သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

KNU/KNLA-PC ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က “အများကြီး ထောက်ပံ့ပေး လို့မရတာတောင်မှ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ လုပ်ဆောင်တော့ စည်းလုံးမှုတစ်ခု ဖြစ်သွားတာပေါ့။ မနေ့က စစ်ရှောင် ၃,၀၀၀ ကျော် တက်လာတယ်။ သူတို့တင်ပြလာတဲ့ အခက်အခဲတွေကိုလည်း သိလာရသလို ရှေ့ဆက် ဘယ်လိုကူညီလို့ရမလဲဆိုတာ စစ်ရှောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့် ရသွားတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNA

အဆိုပါ ကူညီထောက်ပံ့မှုတွင် ဆန်အိတ်ကြီး ( ၁ တင်းခွဲအိတ်) ၄,၀၀၀ အိတ်၊ ဆီ ၆၀၀ ဖာ၊ အချိုမှုန့် ၅၀၀ ဖာ အပြင် ငါးသေတ္တာ၊ ငါးပိ၊ ငရုပ်သီးနှင့် ဆား စသည့် အခြေခံစားနပ်ရိက္ခာ ၇ မျိုး ပါဝင်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မှုသည် ကရင်လက်နက်ကိုင်အဖွဲ့အချို့၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေးပါတီများ ပါဝင်သည့် KNPBC ၏ ပထမဦးဆုံးအကြိမ် ဒေသတွင်းကူညီမှုဖြစ်ပြီး အကူအညီအများစုကို ကရင်အမျိုးသားတပ်မတော် (KNA) က ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီရန်နှင့် ငြိမ်းချမ်းတည်ငြိမ်းရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် KNPBC ကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကော်မတီတွင် ကရင်လက်နက်ကိုင် ၃ အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တို့ ပါဝင်ကြောင်း သိရသည်။